၉.၁၀.၂၀၂၅.
Translated by Htwe Ko Tun
ဥရောပသမဂ္ဂရဲ့စျေးနှုန်းကန့်သတ်စနစ်နဲ့အညီ ရုရှားရေနံစျေးနှုန်းတွေကို အမေရိကန်ဒေါ်လာနဲ့ ကိုးကားသတ်မှတ်ထားဆဲဖြစ်ပေမယ့် ငွေကြေးဆိုင်ရာတင်းကျပ်မှုတွေနဲ့ ဒေါ်လာ ဒါမှမဟုတ် ဒီရာဟမ်ငွေကြေးလမ်းကြောင်းတွေမှာ ပြောင်းလဲမှုတွေ နှောင့်နှေးရတာတွေအတွက်ပါ လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတစ်ခုအနေနဲ့ အိန္ဒိယရေနံချက်ကုမ္ပဏီတွေကတော့ အခုအခါ ယွမ်ငွေနဲ့ ညီမျှတဲ့ပမာဏကို ပေးချေနေတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ တင်းကျပ်ခဲ့သလို စွမ်းအင်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှုကနေ ဝေးရာကို ကမ္ဘာလုံးဆိုင်ရာ ကူးပြောင်းမှု နက်ရှိုင်းလာနေတာကို အိန္ဒိယနိုင်ငံက မီးမောင်းထိုးပြပြီး လအကြာ ခေတ္တရပ်နားပြီးချိန်မှာတော့ ရုရှားရေနံကိုဝယ်ယူရာမှာ တရုတ်ယွမ်ငွေနဲ့ စတင်ပေးချေခဲ့ပါတယ်။
အိန္ဒိယနိုင်ငံပိုင် ထိပ်တန်းရေနံချက်ကုမ္ပဏီဖြစ်တဲ့ Indian Oil Corp ရုရှားရေနံစိမ်းတင်ပို့မှုအတွက် ယွမ်ငွေပေးချေမှုများစွာကို အကြိမ်ပေါင်းများစွာလုပ်ဆောင်ခဲ့တယ်ဆိုတာ Reuters သတင်းဌာနက အောက်တိုဘာ ၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။ အဆိုပါ လှုပ်ရှားမှုက ရုရှားနိုင်ငံကို အရောင်းအဝယ်တွေ ငွေပေးချေမှုတွေမှာ ရုရှား ရူဘယ်ငွေကို လွယ်လွယ်ကူကူ ပြောင်းလဲနိုင်တဲ့ငွေကြေးတွေနဲ့ ပေးချေဖို့ ရုရှားကုန်သည်တွေက ဖိအားတွေ တိုးပွားလာပြီးနောက်မှာ အိန္ဒိယနိုင်ငံကလည်း ခုလို ယွမ်ငွေနဲ့ပေးချေလာတာပါ။
ပထဝီနိုင်ငံရေး မဟာဗျူဟာပညာရှင်တစ်ဦးဖြစ်တဲ့ ဗီလီနာတက်ရှ်အကာရိုဗာက အိန္ဒိယအစိုးရရဲ့ ခုလို လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်က နိုင်ငံရေးနဲ့ စပ်ယှက်နေတယ်လို့ ဆိုရမှာထက် လက်တွေ့ကျမှုကို ပိုလို့ ထင်ဟပ်စေပါတယ်လို့ ပြောခဲ့ပါတယ်။ ဗီလီနာက လူမှုကွန်ရက် X မှာ “ဥရောပသမဂ္ဂရဲ့ စျေးနှုန်းကန့်သတ်စနစ်နဲ့အညီ ရေနံစျေးနှုန်းတွေကို အမေရိကန် ဒေါ်လာနဲ့ ကိုးကားသတ်မှတ်ထားတာမှန်ပါတယ်။ ဒါပေမယ့် လက်တွေ့ ငွေလွှဲပြောင်းမှုတွေအတွက် ယွမ်ငွေလို တရားဝင်ငွေကြေးတစ်ရပ် လိုပါတယ်” လို့ရေးခဲ့ပါတယ်။ အိန္ဒိယရဲ့ တရုတ်ငွေကြေးကို အသုံးပြုတာကလည်း အဓိကတင်သွင်းသူတွေဟာ အနောက်အုပ်စုရဲ့စည်းမျဥ်းတွေကို ပွင့်ပွင့်လင်းလင်း အံတုမှုမလုပ်ဘဲ ပိတ်ဆို့အရေးယူမှု ခေတ်ကြီးရဲ့ ကုန်သွယ်ရေးဖြစ်ရပ်မှန်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ဆောင်ကြတာကို ပြသတာပဲလို့ ဗီလီနာက ပြောခဲ့ပါသေးတယ်။
ဥရောပနိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့မှုတွေ ၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တဲ့အချိန်ကစလို့ ရုရှားရဲ့ အကြီးဆုံး ရေနံဖောက်သည်အဖြစ် အိန္ဒိယက ရပ်တည်လာတာပါ။ ရုရှားရေနံစိမ်းဟာ အခုဆိုရင် အိန္ဒိယနိုင်ငံရဲ့ စုစုပေါင်း ရေနံတင်သွင်းမှုရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိရှိပြီး ယူကရိန်းစစ်ပွဲ မတိုင်မီက တစ်ရာခိုင်နှုန်းအောက်မှာသာ ရှိခဲ့ရာက များစွာတိုးတက်လာတာပါ။ ရုရှားရေနံက အိန္ဒိယအစိုးရအတွက် ခန့်မှန်းခြေ ဒေါ်လာ ၁၇ ဘီလျံ သက်သာစေခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ရုရှားရေနံဝယ်ယူခြင်းမပြုဖို့ အမေရိကန်အစိုးရက အကျပ်ကိုင်ပြီး အိန္ဒိယကုန်ပစ္စည်းတွေအပေါ် သွင်းကုန်အခွန်စည်းကြပ်မှုအသစ်တွေ ပြုလုပ်ခဲ့ပေမယ့် အိန္ဒိယအစိုးရကတော့ စီးပွားရေးအကြောင်းအချက်တွေအရ ရုရှားရေနံကိုပဲ ဦးစားပေး ဝယ်ယူခဲ့ပါတယ်။ အိန္ဒိယဟာ စက်တင်ဘာလမှာ ရုရှားထံမှ တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၆ သန်းခန့် တင်သွင်းခဲ့တယ်လို့ Bloomberg သတင်းစာက ဖော်ပြခဲ့ပြီး လျှော့စျေးများ ကျဉ်းမြောင်းသွားတဲ့တိုင် ပုံမှန်ဝယ်ယူမှုကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ရုရှားအစိုးရအတွက်လည်း အိန္ဒိယက ရေနံဈေးနှုန်းကို ယွမ်ငွေနဲ့ပေးချေမှုက တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား နှစ်ဆယ့်တစ်ရာစုမှာပေါ်ထွန်းလာတဲ့ မဟာဗျူဟာမြောက်မဟာမိတ်တွေအဖြစ်တည်ရှိမှု “DragonBear” မူဘောင်အောက်မှာ တရုတ်အစိုးရနဲ့ ငွေကြေးဆိုင်ရာ ဆက်ဆံရေးကို ပိုလို့ ခိုင်မာစေပါတယ်။ တရုတ်နိုင်ငံအတွက်လည်း ဒီလိုပေးချေတာက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမှာ ယွမ်ငွေအပေါ် ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးရာတောင်ရောက်လို့ ပိုလို့နှစ်သက်မှာပါ။ အိန္ဒိယအတွက်လည်း အမေရိကန်အစိုးရ၊ ရုရှားအစိုးရနဲ့ တရုတ်အစိုးရတို့အကြား ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကို ဟန်ချက်ညီစေအောင်ဆောင်ရွက်နေရပေမယ့် စွမ်းအင်ကုန်ကျစရိတ်ကိုတော့ အမှန်တကယ် နိမ့်ကျစေတာပါ။
တကယ်လို့သာ ဒီလို ငွေပေးချေမှုက ရေရှည်တည်တံ့နေမယ်ဆိုရင် ယွမ်ငွေနဲ့ပေးချေမှုယန္တရားဟာ ကမ္ဘာ့စွမ်းအင်ဈေးကွက်တွေမှာ အမေရိကန်ဒေါ်လာရဲ့ ကြာရှည်စွာလွှမ်းမိုးလာမှုကို တိတ်တဆိတ်တိုက်ဖျက်သွားမယ့် အချိုးအကွေ့ ဖွဲ့စည်းမှုတစ်ရပ်လို့သာ အမှတ်အသားပြုသုံးသပ်ရမှာပါ။
Ref- bt Business Today

