၈. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် ယမန်နေ့တွင် ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာများသို့ လှည့်လည်သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေရေးအဖွဲ့တွင် ဘယ်လာရုစ် တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr. Vladi-mir Sukolinsky၊ အဆိုရှင်များဖြစ်ကြသည့် Ms. Nadezhda Bryleva နှင့် Ms. Anzhelika Zaitseva၊ မန်နေဂျာ Mr. Danila Kisiev တို့ လေးဦးပါဝင်ပြီး မြန်မာ-ရုရှားချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအယ်လ်ဇန္ဒား၊ ရုရှားသံရုံးမှ ကိုယ်စားလှယ် Mr. Andrei Tretiakov နှင့် MRTV မှ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်၊ အင်ကြင်းကျောက်ပြတိုက်၊ ရွှံ့ညွန်တော၊ ဝါးပိုးဝါးပင်များ ထိန်းသိမ်းထားရှိမှု၊ လိပ်ပြာပြတိုက်၊ မြန်မာသစ်ခွမျိုးရင်း ပြကွက်များအား စိတ်ပါဝင်စားစွာဖြင့် အသေးစိတ်ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့တွင်းရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကြပြီး အမှတ်တရပစ္စည်းများ ဝယ်ယူအားပေးကြပြီးနောက် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) သို့ သွားရောက်ကြပြီး အပန်းဖြေစခန်းအတွင်းရှိ မှန်တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကာ ဆင်လိမ္မာသရုပ်ပြသမှုအား ကြည့်ရှုခဲ့သလို အပန်းဖြေစခန်းအတွင်း ဘာဂီယာဉ်ဖြင့် လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
ထိုသို့ သွားရောက်စဉ် မြန်မာတို့၏ သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေလာရောက်နေကြသည့် ပြည်သူများနှင့်အတူ တွေ့ဆုံနှုတ်ဆက်ခြင်း၊ စုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ခြင်းများလည်း ဆောင်ရွက်ကြသည်။
ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် အောက်တိုဘာ ၅ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ချိန်တွင်လည်း မန္တလေးမြို့တော်ခန်းမတွင်လည်းကောင်း၊ အောက်တိုဘာ ၆ ရက်ညတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ဆက်လက်၍ ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။
