၈.၁၀.၂၀၂၅
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံရဲ့ နောက်ဆုံးဝန်ကြီးချုပ်ဖြစ်တဲ့ စီဘီစတိန်း လီကွန်နျူက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ပြီးနောက် ၂၆ ရက်အကြာ အောက်တိုဘာ ၆ ရက် နံနက်မှာ ရာထူးက နုတ်ထွက်ခဲ့တဲ့အ တွက် ပြင်သစ်နိုင်ငံအဖို့ နိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ ပိုလို့ရင်ဆိုင်လာရဖွယ် အခြေအနေမှာ ရှိနေတယ်လို့ သုံးသပ်လာကြပါတယ်။
နုတ်ထွက်ပြီး နာရီပိုင်းအကြာမှာပဲ လီကွန်နျူက ပြင်သစ်သမ္မတ အမ်မာနျူရယ် မက်ခရွန်ရဲ့တိုင်းပြည် တည်ငြိမ်ရေးအတွက် အစီအစဉ်တစ်ခုကို အောက်တိုဘာလ ၈ ရက် ညနေပိုင်း နောက်ဆုံးထားပြီး လုပ်ဆောင်ပေးဖို့ တောင်းဆိုချက်ကို လက်ခံခဲ့ပါတယ်။
နိုင်ငံရဲ့စီးပွားရေးမပြေလည်မှုတွေကို နိုင်ငံရေးပါတီတွေရဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှုအပေါ် စိုးရိမ်မှုတွေကြားမှာပဲ အစုရှယ်ယာဈေးနှုန်းတွေက ပါရီမြို့အစုရှယ်ဟာဈေးကွက်မှာ သိသိသာသာ ကျဆင်းသွားတာနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေက အောက်တိုဘာလ ၆ ရက်ကို ဖုံးလွှမ်းသွားခဲ့ပါတယ်။။
လီကွန်နျူ ရဲ့ အောက်တိုဘာလ ၆ ရက်နံနက်မှာတုန်လှုပ်ဖွယ် ရာထူးမှ နုတ်ထွက်ခဲ့မှုက လွန်ခဲ့တဲ့ ဒီဇင်ဘာလကတည်းကစလို့ ပြင်သစ်နိုင်ငံမှာ ရာထူးမှ နုတ်ထွက်တဲ့ တတိယမြောက် ဝန်ကြီးချုပ်လည်း ဖြစ်လာခဲ့ရပါတယ်။
သူ့ရဲ့ ဝန်ကြီးအဖွဲ့ စတင်ဖွဲ့စည်းတုန်းကစာရင်းကို အမျိုးသားလွှတ်တော်ရှိ ပါတီတွေက အပြင်းအထန် ဝေဖန်ခဲ့ကြပြီး ယင်းကို ဆန့်ကျင်မဲပေးဖို့ ခြိမ်းခြောက်ခဲ့ကြတာပါ။ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဘရူနို လီ မိုင်ရီကို လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဝန်ကြီးအဖြစ် အဆိုပြုခဲ့တာက နိုင်ငံရေးအုပ်စုများစွာအတွက် အတားအဆီးဖြစ်နေပုံရခဲ့ပါတယ်။
အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်းမှာတော့ လီမိုင်ရီ ကလည်း အကျပ်အတည်းကို အဆုံးသတ်ဖို့ သူ့အနေနဲ့ အစိုးရအဖွဲ့မှ နုတ်ထွက်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီ့နောက် သိပ်မကြာမီမှာပဲ ပြင်သစ်နိုင်ငံအတွက် တည်ငြိမ်ရေးအစီအစဉ် ဖြစ်ပေါ်လာနိုင်မယ့် နိုင်ငံရေး ပါတီတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဖို့ လီကွန်နျူ ကို နောက်ထပ် ၄၈ နာရီ အချိန်ပေးထားသေးတယ်လို့ သမ္မတနန်းတော်က ကြေညာခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဖရန်ကွိုက်စ် ဘေရိုရဲ့ ရသုံးမှန်းခြေ ဘဏ္ဍာရေးရှင်းတမ်းကို ပါလီမန်အမတ်တွေက ထောက်ခံမှုမပြုခဲ့ကြတဲ့နောက် ဘေရို ဦးဆောင်တဲ့အစိုးရ ပြိုကျရပြီးတဲ့နောက် စက်တင်ဘာလမှာ လီကွန်နျူကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာပါ။
ဒီမတိုင်ခင်ကလည်း ဝန်ကြီးချုပ်ဟောင်း မစ်ချယ် ဘာနီယာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ဖြုတ်ချခံရ ပြီးနောက် ဘေရိုက ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။
ပါတီအများအပြားကတော့ ရွေးကောက်ပွဲကို ပိုမိုစောစီးစွာ ကျင်းပပေးဖို့ ပွက်ပွက်ညံအောင် တောင်းဆိုနေကြပြီး အချို့က မက်ခရွန်ကို သမ္မတရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာပါ။ ဒါပေမယ့်လည်း မက်ခရွန်ကတော့ ၂၀၂၇ ခုနှစ်မှာ သူ့ရဲ့သမ္မတသက်တမ်းမကုန်ဆုံးမီ ရာထူးမှ နုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ အမြဲပြောခဲ့ပါတယ်။
ရှေ့ကို ဘယ်လိုဆက်လက်ဆောင်ရွက်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း မက်ခရွန် အပေါ်မှာပဲ တည်ရှိနေပါတယ်။ သူ့အနေနဲ့ ဒီနိုင်ငံရေးဇာတ်ကွက်ကို ဘယ်လောက်ကြာအောင် ဆက်လက်လုပ်ဆောင်နိုင်မလဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရတော့မှာပါ။
ဒီ အောက်တိုဘာလ ၈ ရက်မတိုင်ခင်မှာ တည်ငြိမ်မှုကိုရရှိဖို့ လီကွန်နျူရဲ့ ကြိုးစားမှု မအောင်မြင်ခဲ့ရင်တော့ မက်ခရွန် မှာ ဘယ်လိုဆောင်ရွက်မလဲ ရွေးချယ်စရာနည်းလမ်း သုံးခုရှိပါတယ်။
သူ့အနေနဲ့ နောက်ထပ်ဝန်ကြီးချုပ်အသစ် ခန့်အပ်နိုင်ပါတယ်။ ဒါမှမဟုတ် အမျိုးသားလွှတ်တော်ကို နောက်တစ်ကြိမ် ဖျက်သိမ်းနိုင်ပါတယ်။ တတိယနည်းလမ်းအနေနဲ့တော့ သူကိုယ်တိုင် နုတ်ထွက်နိုင် ပါတယ်။
နောက်ဆုံးနည်းလမ်းကတော့ဖြစ်နိုင်ခြေအနည်းဆုံးဖြစ်ပြီး ပထမဆုံးနည်းလမ်းကတော့ သူ့ရဲ့ အမြဲတမ်းလိုလို ရွေးချယ်မှုပါ။ ဒါပေမယ့် တစ်နှစ်အတွင်း ဝန်ကြီးချုပ်သုံးဦးပြုတ်ကျသွားခဲ့ပြီးတဲ့နောက်မှာ သမ္မတ မက်ခရွန်အဖို ဒီတစ်ကြီမ်မှာလည်း ဘယ်သူကိုဝန်ကြီးချုပ်ခန့်အုံးမလဲ အတော်စဉ်းစားစရာဖြစ်ပါလိမ့် မယ်။
ပြင်သစ်နိုင်ငံရဲ့ ဘဏ္ဍာရေးလိုငွေပြမှုဟာ ၂၀၂၄ ခုနှစ်မှာဆို နိုင်ငံရဲ့ အမျိုးသားအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၅ ဒသမ ၈ ရာခိုင်နှုန်း ကို ရောက်ရှိခဲ့ပါတယ်။ နိုင်ငံတော်ကြွေးမြီ GDP ရဲ့ ၁၁၄ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ ဒါကြောင့် ပြင်သစ်နိုင်ငံက ယူရိုငွေကြေးဇုန်မှာ ဂရိနဲ့ အီတလီပြီးရင် တတိယမြောက်အများပြည်သူကြွေးမြီအများဆုံးဖြစ်ပြီး ပြင်သစ်နိုင်ငံသားတစ်ဦးဟာ ကြွေးမြီ ယူရို ၅၀,၀၀၀ နီးပါးတင်ရှိနေတာနဲ့ ညီမျှပါတယ်။
ဒါကြောင့်လည်း စီးပွားရေးအရပါ ကျဆင်းနေတဲ့ ပြင်သစ်အဖို့ ဝန်ကြီးချုပ်အပြောင်းအလဲမှာ နိုင်ငံရေးအရလည်း တည်ငြိမ်မှုရှိပါ့မလား စောင့်ကြည့်ရမှာပါ။
Ref , BBC
