၆.၁၀.၂၀၂၅
Written By Min Thet
နွေဦးတော်လှန်ရေးအစကတည်းက KNU/KNLA နှင့် PDF များ အဓိက ခိုလှုံရာ မြဝတီမြို့အနီးမှလေးကေ့ကော်မြို့သစ်ကို တပ်မတော်က သိမ်းပိုက်ကာ အောင်လံလွှင့်လိုက်ပြီ ဖြစ်ကြောင်း တပ်မတော် သတင်းရင်းမြစ်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်က စ၍ အဆိုပါ ဒေသကို တပ်မတော်က အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာအောက်တိုဘာလ ၃ ရက်က လေးကေ့ကော်ဒေသအတွင်း တစ်ဖက်အဖွဲ့များ အခိုင်အမာ ခံစစ်ပြု ထားသည့်နေရာကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးဖြစ်စဉ်များအတွင်း နှစ်ဖက် ထိခိုက်မှုအချို့ ရှိခဲ့ကာ တပ်မတော်စစ်ကြောင်းများက PDF ၂ လောင်း ၊ လက်နက်မျိုးစုံ ၅ လက်၊ ကျည်အိမ် ၁၇ ခု၊ ကျည် ၂၀၀ ခန့်၊ မိုင်းမျိုးစုံ ၅ လုံး၊ဘန်ကာ ၄ လုံး၊ ပစ်ကျင်း ၆ ကျင်းတို့ ကို သိမ်းဆည်းရရှိထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၉ ရက်က ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသ ရေကန်ကုန်းကို တပ်မတော်က ပြန်လည် သိမ်းပိုက်ခဲ့သည့်အတွက် ယင်းအချိန်ကပင် KNU အပါအဝင် PDF ပူးပေါင်းအဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“တပ်မတော်က စက်တင်ဘာ ၂၂ ရက်နေ့ကပဲ ထိုးစစ်ဆင်ခဲ့တာ။ အခု ပြန်လည်သိမ်းပိုက်ပြီး တွေ့ရတာကတော့ KNU ဟာ PDF တွေကို ဆေးကျွေးပြီး ပစ်ကျင်းထဲမှာ သံကြိုးခတ်ထားတယ်။အသေခံ တိုက်စေခဲ့ခြင်းပါပဲ။ သေသာ သေသွားတယ်။ သူတို့မှာ လွတ်လပ်မှုမရရှိခဲ့။ ဒါကြောင့် သံကြိုးကိုဖြုတ်ပြီး အလောင်းနဲ့အတူ မြေမြုပ် သင်္ဂြိုဟ်ပေးလိုက်ပါတယ်။ PDF အရှင်က ၆၀ ကျော်လောက် မိထားပါတယ်”ဟု တပ်မတော် သတင်းရင်းမြစ်က ဆိုသည်။
မြဝတီတောင်ဘက်ခြမ်းရှိ အဆိုပါ လေးကေ့ကော်မြို့သစ်မှာ ၂၀၂၁ ခုနှစ် ကာလ နောက်ပိုင်း CDM ပြုလုပ်သူများ၊ နိုင်ငံရေးသမားများတိမ်းရှောင် ခိုလှုံခဲ့သောမြို့ဖြစ်ခဲ့ပြီး ယင်းသည် မြဝတီမြို့၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိခဲ့သည့် နေရာဖြစ်ကြောင်းလည်း သိရသည်။
