
၆.၁၀.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံအရှေ့ဂျာဗားကျွန်း၊ ဆီဒေါ်ဂျိုမြို့ရှိ ကျောင်းအိပ်ကျောင်းစား အစ္စလာမ္မစ်စာသင်ကျောင်း ဖြစ်တဲ့ အယ်လ်ခိုဇီနီကျောင်း ဟာ စက်တင်ဘာ ၂၉ ရက်က ပြိုကျခဲ့မှုမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြိုကျကျောင်းဆောင်ရဲ့ အပျက်အစီးတွေအားလုံးနီးပါးရှင်းလင်းပြီးချိန်မှာ အောက်တိုဘာ ၅ ရက်အထိ သေဆုံးသူ အနည်းဆုံး ၅၀ ဦးထိ မြင့်တက်လာပြီး ပျောက်ဆုံးနေသူ ၁၃ ဦးရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲတွေက ပြောခဲ့ကြပါတယ်။
အစ္စလာမ္မစ်ဘော်ဒါကျောင်းဆောင် ပြိုကျပြီးနောက် ရာနဲ့ချီတဲ့ ဆယ်ကျော်သက် ယောက်ျားလေး အများစုဟာ ပြိုကျကွန်ကရစ်တုံးအတုံးအခဲတွေအောက်မှာ ရက်ရှည် ပိတ်မိနေခဲ့ကြရာက နောက်ပိုင်း သေဆုံးခဲ့ကြပြီး သေဆုံးသူဦးရေ ခုလိုမြင့်တက်လာခဲ့တာလို့ ကယ်ဆယ်ရေးသမားတွေက ပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက မြေတူးစက်တွေကိုအသုံးပြုပြီး အောက်တိုဘာလ ၅ ရက်မှာ ပြိုကျအပျက်အစီးတွေရဲ့ ၈၀ ရာခိုင်နှုန်းအထိကို ရှင်းလင်းမှုပြုနိုင်ကြတယ်လို့ ဆိုပါတယ်။ ဒီမှာသူတို့က အပျက်အစီးတွေအောက်မှာ ဆယ်ကျော်သက်အရွယ်အများစုရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ကြတာလို့ ကြေညာချက်တစ်ရပ်က ဆိုပါတယ်။
သဘာဝဘေးအန္တရာယ်တိုက်ဖျက်ရေး အေဂျင်စီမှ ဘူဒီ အီရာဝန်က ဒီကျောင်းပြိုကျမှုမှာ ရှာဖွေတွေ့ရှိရတဲ့ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေက ၅၀ အထိရှိလာပြီလို့ သတင်းစာရှင်းပွဲမှာ အောက်တိုဘာလ ၅ ရက်က ပြောခဲ့ပါတယ်။သူက ပျောက်ဆုံးနေဆဲဖြစ်တဲ့ ၁၃ ယောက်ကို ရှာဖွေရေးလုပ်ငန်း တွေကိုတော့ အောက်တိုဘာလ ၅ ရက်ညနေမှာ ရပ်ဆိုင်းမယ်လို့ မျှော်လင့်ရတယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့ပြင် ဘူဒီ က ဒီဖြစ်ရပ်ကတော့ ၂၀၂၅ ခုနှစ်မှာ အဆောက်အအုံတစ်လုံးထဲက သေကြေပျက်စီးရသူ အများဆုံးဖြစ်ရပ်ပဲလို့လည်း ပြောခဲ့ပါတယ်။
အယ်လ်ခိုဇီနီ အစ္စလာမ္မစ်စာသင်ကျောင်းက ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းတစ်ကျောင်းဖြစ်ပြီး ကျောင်းအဆောက်အအုံရဲ့ မခိုင်မာတဲ့အုတ်မြစ်တွေက အပေါ်ထပ်တွေ ဆက်လက်ချဲ့ထွင် ဆောက်လုပ်နေတဲ့ လုပ်ငန်းတွေဒဏ်ကို ပံ့ပိုးခံနိုင်ရည်အားမရှိတော့ဘဲ ပြိုကျခဲ့တာလို့ ဆိုကြပါတယ်။။
အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာမှာ မွတ်စလင်အများစုနေထိုင်ရာ အကြီးမားဆုံးနိုင်ငံဖြစ်ပြီး အယ်လ်ခိုဇီနီလို ကျောင်းအိပ်ကျောင်းစား အစ္စလာမ္မစ်ဘော်ဒါကျောင်း ၄၂,၀၀၀ လောက်အထိရှိပါတယ်။ အဲဒီကျောင်းတွေမှာ ကျောင်းသား ခုနစ်သန်းလောက်အထိရှိတယ်လို့ သိရပါတယ်။ အယ်လ်ခိုဇီနီ ကျောင်းက အခုလိုအပေါ်ထပ်တွေ တိုးချဲ့တည်ဆောက်မှုက တရားဝင်တည်ဆောက်ခွင့် ရှိသလားဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။
Ref- CNA
