နေမိုး
၄. ၁၀. ၂၀၂၅
TNLA နယ်မြေလုယက်ထားသည့် သီပေါနှင့် နမ့်ဆန်မြို့တို့ ယနေ့ ဗုံးကြဲရှင်းလင်းခံရပြီး ၂ ဦးသေ၊ ၉ ဦး ဒဏ်ရာရသွားသည်ဟု TNLA က ယနေ့ ဝန်ခံထားသည်။
နောင်ချို၊ ကျောက်မဲ စသည့် မြို့များမှ အရှုံးဖြင့် ထွက်ပြေးနေရသည့် TNLA ကို ထပ်မံထိုးစစ်ဆင်နေသည့် တပ်မတော်က သီပေါမြို့နယ် မန်ဟဲကျေးရွာရဲစခန်းကို ယနေ့ နံနက် ၇ နာရီ ၄၉ မိနစ်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။


ထို့အတူ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာကိုလည်း ယနေ့ နေ့လယ်ပိုင်း ၁၂ နာရီ ၂၈ မိနစ်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၂)လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နှစ်ဦးသေဆုံးသွားပြီး ၉ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် (၁၆) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။
ယမန်နေ့ အောက်တိုဘာလ (၂)ရက်နေ့ကလည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ TNLA လက်နက်ကိုင်များ အခြေပြုစခန်းပြုလုပ်ထားရာ ကုမုဒြာဟိုတယ်ကို ပေါင် (၅၀၀) ဗုံး (၂)လုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ဟိုတယ်အဆောက်အဦ ထိခိုက်ပျက်စီးသွားခဲ့သော်လည်း TNLA လက်နက်ကိုင်များ သေဆုံးမှုအရေအတွက်ကိုမူ TNLA က ဖုံးဖိထားခဲ့သည်။

ထိုနေ့တွင်ပင် နမ္မတူမြို့တွင်းကို ပေါင် (၅၀၀) ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် (၃) ဦးသေဆုံးပြီး (၆)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၈)အိမ်လည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟုလည်း TNLA က ထုတ်ပြန်ထားသည်။
TNLA သည် တပ်မတော်နှင့် တိုက်ခိုက်ခဲ့သည့် ကာလတစ်လျှောက် TNLA လက်နက်ကိုင်များ သေဆုံးမှုကို မဖော်ပြခြင်း၊ သေဆုံးပါက ပြည်သူလူထုဟု အမည်တပ်ခြင်းများကိုသာ လိမ်လည်ဖုံးဖိထုတ်ပြန်လေ့ရှိသလို ယခု သေဆုံးသည်ဆိုသူများကိုလည်း ပြည်သူလူထုဟုသာ တံဆိပ်ကပ်ထုတ်ပြန်ထားသည်။
