◾ ဟားမားစ်တို့က အစ္စရေးဓားစာခံများကို လွှတ်ပေးရန် သဘောတူသော်လည်း ဂါဇာကိုပြည်ပမှ လာရောက်အုပ်ချုပ်မှုကို ငြင်းဆန်
၄.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဂါဇာစစ်ပွဲအပြီးသတ်ရေးအတွက် သူ့ရဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီးနောက် ငါးရက်အကြာ အောက်တိုဘာလ ၃ ရက်မှာတော့ အစ္စရေးအစိုးရကို ဂါဇာဒေသအား ဗုံးကြဲမှုချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆိုပြောကြားခဲ့ပါတယ်။ ဟားမားစ်အုပ်စုကိုလည်း အစီအစဉ်အရ ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံတွေအကုန်လုံးကို ပြန်လွှတ်ပေးဖို့ ထရမ့်ပ်က တောင်းဆိုထားခဲ့တာပါ။
ဟားမားစ်တို့ကလည်း အောက်တိုဘာလ ၃ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာမှာ အသက်ရှင်လျက်ရှိနေတဲ့ ဓားစာခံအားလုံးကိုလည်း ပြန်လွှတ်ပေးပြီး သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း ပြန်ပေးမယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပြင် ဟားမားစ်တို့ရဲ့ကြေညာချက်မှာ ဟားမားစ်အဖွဲ့အနေနဲ့ ဒီငြိမ်းချမ်းရေးအစီအစဉ်အတွက် ကြားဝင်စေ့စပ်ပေးသူတွေကတစ်ဆင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးကြဖို့လည်းအသင့်ရှိတယ်။ ဂါဇာကမ်းမြောင်ဒေသကို ပါလက်စတိုင်းအမျိုးသားတွေရဲ့ အများသဘောတူဆန္ဒနဲ့ အာရပ်နဲ့အစ္စလာမ်အဖွဲ့တို့ရဲ့ အထောက်အပံ့အပေါ် အခြေခံဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံရေးပညာရှင်အဖွဲ့ကို အုပ်ချုပ်ရေးလွှဲပြောင်းပေးဖို့ ဟားမားစ်အနေနဲ့ သဘောတူပြီး အသစ်တစ်ဖန်ပြန်လည်ဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။
ထရမ့်ပ်ကလည်း လူမှုကွန်ရက်မှာ “ဟားမားစ်တို့က ဒီလိုထုတ်ပြန်လာတဲ့ကြေညာချက်အရ သူတို့အနေနဲ့လည်း ကြာရှည်တည်တန့်မယ့် ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်နေကြပြီလို့ ကျွန်တော်ယုံကြည်တယ်။ ဒီတော့ အစ္စရေးကလည်း ဂါဇာကို ဗုံးကြဲနေတာ ချက်ချင်းရပ်ဆိုင်းလိုက်ပါ။ ဒါမှ ဓားစာခံတွေလည်း လုံခြုံမှုရှိစွာနဲ့ အမြန်ပြန်လာနိုင်မှာပါ” လို့ ရေးသားခဲ့ပါတယ်။ ဒါ့ပြင် ထရမ့်ပ်က “ဒီငြိမ်းချမ်းရေး အစီအစဉ်က ဂါဇာဒေသတစ်ခုတည်းအတွက်မဟုတ်ဘူး။ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး ငြိမ်းချမ်းရေး ကြာရှည်တည်မြဲဖို့လည်းဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
ဟားမားစ်အဖွဲ့က ထရမ့်ပ် အဆိုပြုထားတဲ့ အချက် ၂၀ ပါ အစီအစဥ်ကို သဘောတူတယ်လို့တော့ သူ့ရဲ့ ကြေညာချက်မှာ မဖော်ပြခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ သူတို့က ဒီအစီအစဉ်မှာ အချက်တချို့ကို နောက်ထပ်ညှိနှိုင်းဖို့ လိုတယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။
ဒီထဲက အဓိကအချက်ကတော့ ဂါဇာဒေသကို စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ဖို့ တောင်းဆိုတာပါပဲ။
ဟားမားစ်အရာရှိ မိုဆာ အဘူ မာဇွတ်က ဟားမားစ်အနေနဲ့ အစ္စရေးတို့ရဲ့ ကျူးကျော်သိမ်းပိုက်မှု မပြီးဆုံးမီ လက်နက်ဖြုတ်သိမ်းမှာ မဟုတ်ဘူးလို့ Al Jazeera သတင်းဌာန ကို ပြောခဲ့ပါတယ်။
“ဂါဇာကမ်းမြောင်ရဲ့ အနာဂတ်နဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ မွေးရာပါအခွင့်အရေးတွေနဲ့ ပတ်သက်လို့ သမ္မတ ထရမ်ပ်ရဲ့ အဆိုပြုချက်မှာပါတဲ့ တခြားကိစ္စတွေဟာ သက်ဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ပြည့်စုံတဲ့ အမျိုးသားရေး ရပ်တည်ချက်နဲ့ ဆက်စပ်နေလို့ အမျိုးသားရေး မူဘောင်အတွင်း ဆွေးနွေးသွားမယ်” လို့ ဟားမားစ်တို့ရဲ့ ကြေညာချက်က ဆိုခဲ့ပါတယ်။
ဒိုဟာမှာရှိတဲ့ ဟားမားစ်အကြီးတန်းကိုယ်စားလှယ် အော့စမာ ဟမ်ဒန်က A1 Araby TV ရုပ်မြင်သံကြားဌာနကို ဟားမားစ်အဖွဲ့အနေနဲ့ ဂါဇာဒေသကို ပြည်ပမှအုပ်ချုပ်မှုကို လက်ခံမှာမဟုတ်ဘဲ အကူးအပြောင်းကာလမှာတောင် ပါလက်စတိုင်းတို့ကသာ စီမံအုပ်ချုပ်ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။
ထရမ့်ပ်ရဲ့အချက် ၂၀ ပါ အစီအစဉ်မှာက ဘီလျံနာသူဌေးတွေပါတဲ့ တိုနီဘလဲ ဦးဆောင်တဲ့အဖွဲ့နဲ့ ဇီယွန်ဝါဒီ ထိပ်တန်း ပုဂ္ဂိုလ်တွေ ပါဝင်တဲ့အဖွဲ့ကို ဂါဇာဒေသအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အဓိက ရည်ရွယ်ထားတာပါ။
ဒါ့ပြင် လက်ရှိမှာ ထရမ့်ပ်ရဲ့ အစီအစဉ်က ဂါဇာမှာ အစ္စရေးက အခြေအနေတွေကို လိုသလို ဘောင်သွင်းဆောင်ရွက်နိုင်ဖို့ ဦးစားပေးထားတယ်လို့ ပြောကြားတာတွေရှိနေတဲ့အပြင် ပါလက်စတိုင်းပြည်သူတွေရဲ့ ကံကြမ္မာကို ပြည်ပအကျိုးစီးပွားအတွက် လက်နက်ချစေဖို့ ကြိုးပမ်းမှုအတွက် “ကိုလိုနီအတွေးအခေါ်” အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရပါတယ်။
ဟားမားစ်တို့က အဓိက ဆန့်ကျင်သွားမယ့်အချက်ကတော့ သူတို့ကိုလက်နက်ဖျက်သိမ်းဖို့နဲ့ ဂါဇာကို ပြည်ပအုပ်ချုပ်မှုနဲ့ကြီးကြပ်သွားမယ့်အချက်လို့ ယူဆရပါတယ်။ လက်ရှိမှာလည်း သူတို့က အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်ကို သဘောတူပေမယ့် ပါလက်စတိုင်းအမျိုးသားတို့ရဲ့ အများသဘောတူညီမှုက ထွက်ပေါ်လာတဲ့ အစိုးရမျိုးလို့ ဆိုထားကြတာပါ။ ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသကို နိုင်ငံခြား အုပ်ချုပ်မှုကို ပြတ်ပြတ်သားသားပယ်ချပြီး အစ္စရေးတို့ရဲ့သိမ်းပိုက်မှု မပြီးဆုံးမီ လက်နက်ဖြုတ်သိမ်းမှုကိုလည်း လက်မခံဘူးဆိုထားပါတယ်။
ဒါကြောင့်လည်း စတင်အာဏာရပြီးရှစ်လအတွင်း စစ်ပွဲခုနစ်ပွဲကို အဆုံးသတ်နိုင်ခဲ့တယ်ဆိုတဲ့ ဒေါ်နယ်ဒ်ထရမ့်ပ်က ဂါဇာစစ်ပွဲကိုလည်း အဆုံးသတ်နိုင်မလား စောင့်ကြည့်ရမှာပါ။
Ref- Middle East Eye
