သတိုး
၄. ၁၀. ၂၀၂၅
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များ၏ ထူးခြားသောအောင်မြင်မှုအဖြစ် မကြာသေးမီက ဖွဲ့စည်းခဲ့သော ချင်း ကူကီး မီဇို တပ်မတော် (Chin Kuki Mizo Army – CKMA) ၏ အကြီးတန်းခေါင်းဆောင်ဖြစ်သူ စစ်ဦးစီးချုပ်ကို လက်နက်မျိုးစုံနှင့် ကျည်ဆန်များအပြင် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများတွင် ပါဝင်သည်ဟု သံသယဖြင့် ဖမ်းဆီးရမိခဲ့သည်။
အိန္ဒိယရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ အဖမ်းခံရသူမှာ မဏိပူရ်ပြည်နယ်၊ ချူရာချန်းဒ်ပူရ်မြို့ရှိ ပီ မောင်ဂျန်ရွာနေထိုင်သူ ပါအိုခိုလန် ဂူတေ (Paokholen Guite) ဖြစ်ပြီး ၎င်းသည် CKMA ၏ စစ်ဦးစီးချုပ် (Commander-in-chief) ဖြစ်ကြောင်း ဖော်ထုတ်ခဲ့နိုင်ခဲ့ကာ ၎င်းကို အောက်တိုဘာလ ၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ပါအိုခိုလန်သည် စစ်ဆင်မှုရပ်စဲရေး သဘောတူညီချက် (Suspension of Operations – SoO) ရေးထိုးထားခြင်း မရှိသည့် ယူနိုက်တက် ကူကီး အမျိုးသား တပ်မတော် (United Kuki National Army – UKNA) အပါအဝင် အဖွဲ့များစွာနှင့် ပူးပေါင်းကာ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးရာတွင် ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
၎င်းသည် ပြန်ပေးဆွဲ ငွေညှစ်ယူမှု လုပ်ငန်းများတွင်လည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ပါအိုခိုလန်၏ လက်ဝယ်မှ AK 47 ရိုင်ဖယ် ၂ လက်၊ AK 47 ကျည်အိမ် ၂ ခု၊ 7.62 AK ကျည် ၃၁ တောင့်၊ 7.62 SLR/LMG ကျည် ၁၅၀ တောင့်၊ ငွေသား ရူပီး တစ်သိန်း၊ ကျည်ကာအိတ် ၁ ခု၊ ဟွန်ဒိုင်း ခရီတာကား ၁ စီးနှင့် မိုဘိုင်းဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
အစီရင်ခံစာများအရ အိန္ဒိယ-မြန်မာ နယ်စပ်၀င်ထွက်ပေါက်များသည် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုများ၊ သူပုန်များ ဝင်ရောက်မှုနှင့် လက်နက်အရောင်းအဝယ်များ သိသိသာသာ တိုးလာခြင်းကြောင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြီးမားသော စိန်ခေါ်မှုများဖြစ်စေပြီး ယင်းအချက်များက အိန္ဒိယအရှေ့မြောက်ပိုင်းရှိ လုံခြုံရေးအခြေအနေကို ပိုမိုဆိုးရွားစေသည်။
ထို့အပြင် လုံခြုံရေးတပ်ဖွဲ့များသည် အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ငွေညှစ်ယူမှုနှင့် ရာဇဝတ်မှုများတွင် ပါဝင်သည်ဟု သံသယရှိသော RPF/PLA (Revolutionary People’s Front/People’s Liberation Army) မှ တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဖမ်းဆီးခံရသူများမှာ ကေယန်ပိုင်းဘမ် လိုကန်ဒရို (၅၈ နှစ်)၊ အင်ဒရာဂျစ် နင်းသိုဂျမ် (၅၁ နှစ်) ခေါ် အန်ဂူနှင့် ဝိုင်ရွတ်ပမ် ဆာနာဟယ်(၄၆ နှစ်) ခေါ် နောင်ဒမ်ဘာ (Nongdamba) တို့ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
Ref, Sangai Express
