နေမိုး
၄. ၁၀. ၂၀၂၅
နယ်မြေလုယက်ကာ ပြည်သူများကို စစ်ဘေးခံစားရအောင် ဒုက္ခပေးနေသော TNLA လက်နက်ကိုင်များ၏ ခိုးမှု၊ ဖောက်ထွင်းမှု၊ မုဒိမ်းကျင့်မှု၊ လူသတ်မှုများ တရားခံပေါ်လေ့မရှိသလို ယခုလည်း TNLA လက်အောက် ယာယီကျရောက်နေသည့် ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)တွင် ကျောင်းသူငယ်တစ်ဦး သက်ငယ်မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂)ရက်နေ့ နေ့လယ် (၃) နာရီအချိန်၌ အသက် (၈)နှစ်အရွယ် မရွှေငြိမ်းသည် ရပ်ကွက်(၈)အတွင်းရှိ စာသင်ကျောင်းမှ စာသင်ပြီး ကျောင်းမှအပြန် TNLA လက်နက်ကိုင်များနေရာယူထားသည့် ဂေါက်ကွင်းလမ်းခုလတ်တွင် ရောက်နေချိန် အမျိုးသားတစ်ဦးက သူမကို ချုံအတွင်း ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ကာ မရွှေငြိမ်းကို သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
မရွှေငြိမ်း၏ လည်ပင်းတွင် ဓားဖြင့် ခုတ်သည့် ဒဏ်ရာတစ်ချက်ဖြင့် ဂေါက်ကွင်းအနီး ချုံထဲတွင် အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ အခင်းဖြစ်ပွားသည့်နေရာကို TNLA ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံကိုလည်း အရေးယူနိုင်ရန် ဆက်လက်ရှာဖွေစုံစမ်းနေဆဲဖြစ်သော်လည်း တရားခံ မမိသေးချေ။
