၄.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့လေဆိပ်အနီးမှာ မောင်းသူမဲ့လေယာဉ်တွေ အောက်တိုဘာလ ၃ ရက်ညနေပိုင်းက ထပ်မံတွေ့ရှိပြီးတဲ့နောက် လေဆိပ်ရဲ့ပြေးလမ်းနှစ်ခုလုံးကို ပိတ်ထားလိုက်ရကာ လေဆိပ်လည်ပတ်မှုကို ၂၄ နာရီအတွင်း ဒုတိယအကြိမ်ရပ်ဆိုင်းလိုက်ရတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
မြူးနစ်လေဆိပ်အနီးမှာ အောက်တိုဘာလ ၂ ရက် ကြာသပတေးနေ့ ညနေပိုင်းက မောင်းသူမဲ့လေယာဉ်တွေပထမအကြိမ်တွေ့ ရှိပြီးတဲ့နောက် လေဆိပ်ကို ပထမအကြိမ်ပိတ်ခဲ့တာပါ။ အောက်တိုဘာလ ၂ ရက် ညမှာ လေဆိပ်ရဲ့လေပိုင်နက်ကို ပိတ်ပစ်ခဲ့ရပြီး လေကြောင်းခရီးစဉ် ၃၀ ကျော်ကို ဖျက်သိမ်း ဒါမှမဟုတ် လမ်းကြောင်းပြောင်းစေခဲ့ပါတယ်။ လေဆိပ်မှာလည်းခရီးသည် ၃,၀၀၀ ကျော် သောင်တင်နေခဲ့ပါတယ်။

အခုတစ်ခါ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ ပေါင်းစည်းမှု ၃၅ နှစ်ပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၃ ရက် ညနေပိုင်းမှာလေဆိပ်အနီးနားက စစ်စခန်းတစ်ခုမှာ မောင်းသူမဲ့လေယာဉ်တစ်စီးကို မြင်ခဲ့ရတာလို့ ဆိုပါတယ်။
ဒီမှာလေဆိပ်ကို ၂၄ နာရီအတွင်း ဒုတိယအကြိမ် ပိတ်ခဲ့ရပြီးတဲ့နောက် လေဆိပ်မှာ ခရီးသည် ၆,၅၀၀ ခန့် သောင်တင်နေခဲ့ကြပါတယ်။ လေဆိပ်လုပ်ငန်းတွေကို အောက်တိုဘာလ ၄ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၃း၀၀ နာရီ) မှာ ပြန်လည်စတင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒိန်းမတ်၊ နော်ဝေနဲ့ ပိုလန်နိုင်ငံတို့က လေဆိပ်တွေအနီးမှာလည်း မကြာသေးမီက အလားတူ အမျိုးအမည်မသိ မောင်းသူမဲ့လေယာဉ်တွေ တွေ့ရှိရလို့ လေဆိပ်လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါသေးတယ်။
မြူးနစ်လေဆိပ်မှာ မောင်းသူမဲ့လေယာဉ်တွေ တွေ့ရှိမှုအတွက် ဂျာမနီအာဏာပိုင်တွေက ဘယ်သူ့ကိုမှ လူသိရှင်ကြား အပြစ်မတင်ပေမယ့် ဥရောပအရာရှိတချို့ကတော့ ရုရှားဟာ လေကြောင်းပိုင်နက် ချိုးဖောက်မှုနောက်ကွယ်မှာ ရှိနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
ဒီစွပ်စွဲချက်တွေကို ရုရှားအစိုးရကတော့ ပြတ်ပြတ်သားငြင်းဆိုခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်က ဥရောပဟာ စစ်ရေးအသုံးစရိတ် ပိုမိုမြှင့်တင်နိုင်ဖို့ အကြောင်းပြချက်ညီအောင် ကြောက်လန့်မှုဖြစ်စေဖို့ သွေးထိုးလှုံ့ ဆော်ပေးနေတာပဲလို့ ဆိုခဲ့ပါတယ်။
Ref- DW

