သက်တန့်
၂. ၁၀. ၂၀၂၅
မြန်မာနိုင်ငံ၏ ပန်းချီလောကကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သူဖြစ်သလို သက်တော်ရှည် ပန်းချီဆရာကြီးလည်းဖြစ်သည့် ဒေါက်တာဦးလွန်းကြွယ်သည် အသက် ၉၅ နှစ်ပြည့်အပြီး တစ်ပတ်အကြာ အသက် ၉၆ နှစ်အဝင် ယနေ့ အောက်တိုဘာ ၂ ရက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက် ကွယ်လွန်သူ၏ ဆန္ဒအရ နေ့ချင်းပင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

၁၉၃၀ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်တွင် မွေးဖွားခဲ့ပြီး အသက် ၁၈ နှစ်အရွယ်မှ စတင်၍ ပန်းချီလောကသို့ ဝင်ရောက်ခဲ့သည့် ဒေါက်တာဦးလွန်းကြွယ်သည် ပန်းချီ အနုပညာသက်တမ်း ၇၈ နှစ်ပြည့်ခဲ့ပြီ ဖြစ်ကာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်က အနုပညာသက်တမ်း ၇၈ နှစ်ပြည့်နှင့် မွေးနေ့ပွဲကို ကိုယ်ပိုင်ပန်းချီပြခန်း ဖြစ်သည့် Artist Life Art Gallery တွင် ပြုလုပ်ခဲ့သည်။

ဒေါက်တာ ဦးလွန်းကြွယ်သည် မြန်မာ့ပန်းချီလောက၌ လူသိများသည့် ဦးသိန်းဟန်၊ ဦးသက်ဝင်း၊ ဦးစန်းဝင်း၊ ဦးချစ်မောင် တို့ထံ ပညာသင်ယူကာ ၁၉၅၄ ခု၀ယ် ပန်းချီဆရာဖြစ် သင်တန်းကျောင်းကအပ်နှင်းသည့် သိပ္ပံဘွဲ့ကို ရရှိခဲ့ပြီးနောက် ရန်ကုန်ပန်းချီ ပန်းပုသင်တန်းကျောင်း နည်းပြအဖြစ် လုပ်ကိုင်ရင်း ကျောင်းအုပ် တာဝန်အထိ ထမ်းဆောင်ခဲ့သလို ၁၉၆၄ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ၁၉၇၁ ခုနှစ်တွင် အရှေ့ဂျာမနီ အပါဝင် ဥရောပနိုင်ငံများကို ပန်းချီပညာ သွားရောက်ဆည်းပူးခဲ့သည်။

ပန်းချီဆရာကြီး ဦးလွန်းကြွယ်၏ ပန်းချီကားများကို မြန်မာနိုင်ငံ အမျိုးသားပြတိုက်၊ စင်ကာပူ အနုပညာပြတိုက်၊ မလေးရှားအမျိုးသားပန်းချီပြခန်း စသည့် အထင်ကရ ပြတိုက်များက စုဆောင်းထားသလို ပြည်တွင်းပြည်ပ ပန်းချီပြပွဲပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ပန်းချီနှင့် ပတ်သက်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့လည်း ရရှိခဲ့သူ ဖြစ်သည်။

ကွယ်လွန်သည့်နေ့တွင်ပင် ကျင်းပခဲ့သည့် ဒေါက်တာ ဦးလွန်းကြွယ်၏ စျာပနကို ယနေ့ နေ့လယ် ၃ နာရီခွဲတွင် ပြုလုပ်ခဲ့ပြီး ကြွင်းရစ်သော ရုပ်ကလာပ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) က Grand Hantha ဆေးရုံမှ သယ်ယူကာ သင်္ဂြိုဟ်ပေးခဲ့ခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ – နာရေးကူညီမှုအသင်း (ရန်ကုန်)
