၂. ၁၀. ၂၀၂၅
Written by Nyein Kyaw
ပြင်ပငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၄,၀၀၀ အောက်သို့ ယနေ့ စတင်ကျဆင်းခဲ့ကြောင်း ဗဟိုဘဏ်မဟုတ်သည့် ပြင်ပငွေလဲလှယ်နှုန်း ဖော်ပြချက်များအရ သိရသော်လည်း ရွှေဈေးနှုန်းသည် သိသိသာသာ ကျဆင်းလာမှုမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်များအပြီး နိုင်ငံရေးမတည်ငြိမ်စေရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးဈေးကွက် ပျက်ပြားအောင် ဝိသမလောဘသမားများ၏ လုပ်ဆောင်ခဲ့မှုကြောင့် တစ်ဒေါ်လာ ကျပ် ၂,၀၀၀ အောက်သာရှိခဲ့သည့် ဒေါ်လာဈေးနှုန်း လေးနှစ်အတွင်း ပြည်ပစျေးကွက်တွင် အမြင့်ဆုံး ကျပ် ၈,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ရသည့်အခြေအနေဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တစ်ဒေါ်လာ ကျပ် ၅,၀၀၀ ကျော်အထိ ထပ်မံမြင့်တက်ခဲ့သည့် ဒေါ်လာဈေးနှုန်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအလယ်မှစတင်ကာ တစ်ဒေါ်လာ ကျပ် ၅,၀၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့ကာ တစ်ဒေါ်လာ ကျပ် ၄,၇၀၀ ဝန်းကျင်ဖြင့်သာ ပြန်လည်တည်ငြိမ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ထပ်မံကျဆင်းခဲ့သော်လည်း ၂၀၂၅ ခုနှစ်ဆန်းပိုင်းအထိ တစ်ဒေါ်လာ ကျပ် ၄,၆၀၀ ဝန်းကျင်အထိ ဖြစ်ပေါ်နေဆဲဖြစ်ရာမှ ထပ်မံဆက်တိုက်ကျဆင်းခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးအပတ်အထိ တစ်ဒေါ်လာ ကျပ် ၄,၂၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်မှစတင်၍ ဒေါ်လာဈေးနှုန်းများ တစ်ရက်လျှင် ဈေးနှုန်းပြောင်းလဲမှု အနည်းဆုံး သုံးကြိမ်အထိဖြစ်ပေါ်ကာ ဈေးနှုန်းများ ထပ်မံကျဆင်းခဲ့ရာ အောက်တိုဘာ ၂ ရက် (ယနေ့)တွင် တစ်ဒေါ်လာ ကျပ် ၃,၉၅၀ သို့ ထပ်မံကျဆင်းခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဒေါ်လာစျေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Online Trading Platform မှ တစ်ဒေါ်လာ ၃,၆၃၃ ကျပ်ဖြင့် ရောင်းချပေးနေသည်။ ထို့အတူ ရည်ညွှန်းဈေးနှုန်းကိုလည်း ယနေ့တွင် တစ်ကျပ်သား ကျပ် ၅,၉၉၀,၀၀၀ သတ်မှတ်ထားသည်။
ထိုသို့ ပြင်ပဒေါ်လာဈေးနှုန်းသည် ဗဟိုဘဏ်ရောင်းချပေးနေသည့် ဈေးနှုန်းနှင့် တစ်ဒေါ်လာ ကျပ် ၃၀၀ ကျော်သာ ကွာဟမှုရှိသော်လည်း ပြင်ပရွှေဈေးနှုန်းသည် ကျပ် ၇,၉၄၀,၀၀၀ ဖြစ်ပေါ်နေသေးသဖြင့် ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ်သိန်း ၂၀ ဝန်းကျင် မြင့်တက်နေပြီး ကျဆင်းလာခြင်းမရှိသေးဘဲ တင်းခံနေဆဲဖြစ်သည်။
