၂. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းဘတ်ငွေ ၅ ဘီလျံကျော် လည်ပတ်ခဲ့သော နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှု ကွန်ရက်အတွက် ကြားခံလည်ပတ်သည့် ဘဏ်အကောင့်များ (Mule accounts) ဖွင့်ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် အသက် ၅၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကို မြို့တော်ဘန်ကောက်၏ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
စီးပွားရေးဆိုင်ရာ ရာဇဝတ်မှု နှိမ်နင်းရေးဌာန (ECD) မှ အရာရှိများသည် အမည်အားဖြင့် ဝီမိုလ်ဟုသာ ဖော်ပြထားသော အဆိုပါအမျိုးသမီးကို ယမန်နေ့ ဗုဒ္ဓဟူးနေ့တွင် ချာတူချက်ခရိုင်၊ လတ်ရောင်ဒေသရှိ ငမ် ဝေါင် ဝမ်လမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ECD တပ်ဖွဲ့မှူး ရဲမှူးချုပ် တာဆဖုမ် ဂျာရုပရတ်က ပြောကြားခဲ့သည်။

အဆိုပါ သံသယရှိသူသည် ရာဇဝတ်မှုဆိုင်ရာ တရားရုံးက ပြီးခဲ့သည့်နှစ် ဧပြီလ ၂၅ ရက် နှင့် ယခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ထားသော ဖမ်းဝရမ်းနှစ်ခုဖြင့် လိုလားလျက်ရှိသည်။ သူမအပေါ် စွဲချက်များတွင် လူထုကို လိမ်လည်ရန် ပူးပေါင်းကြံစည်မှု၊ ငွေကြေးခဝါချရန် ပူးပေါင်းကြံစည်မှု၊ ကွန်ပျူတာစနစ်ထဲသို့ မှားယွင်းသောအချက်အလက်များ ထည့်သွင်းမှု၊ နည်းပညာဆိုင်ရာ ရာဇဝတ်မှုများအတွက် သူမ၏ ဘဏ်အကောင့်များကို အခြားသူများ အသုံးပြုခွင့်ပြုမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းနှင့် ဆက်စပ်သော ပြင်းထန်သည့် ရာဇဝတ်မှုများ ကျူးလွန်ရန် ပူးပေါင်းကြံစည်မှုများ ပါဝင်သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ မစ္စ ဝီမိုလ်သည် နိုင်ငံခြားသားများအတွက် ဘဏ်အကောင့်များ ဖွင့်ပေးခဲ့ပြီး ဘတ်ငွေ ၅ ဘီလျံကျော် လည်ပတ်ခဲ့သော နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းအတွက် ငွေကြေးခဝါချရာတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သိရသည်။
ထို့အတူ သူမသည် ယခင်ကလည်း သီးခြားလိမ်လည်မှုတစ်ခုတွင် ပါဝင်ခဲ့မှုကြောင့် ဘတ်ငွေ ၉ သန်း ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး ထိုအမှုအတွက် ဗဟိုအမျိုးသမီး အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံဖူးသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သူမ လွတ်မြောက်လာပြီးနောက် ECD စုံစမ်းစစ်ဆေးရေးမှူးများက သူမ၏ လှုပ်ရှားမှုများကို ခြေရာခံခဲ့ရာ ငမ် ဝေါင် ဝမ် လမ်းတစ်လျှောက် လမ်းလျှောက်နေစဉ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲမှူးချုပ် တာဆဖုမ်က ဆိုသည်။
စစ်ဆေးမေးမြန်းမှုများအတွင်း မစ္စ ဝိမိုလ်က ၂၀၂၃ ခုနှစ်အတွင်း သူမ မသိသူ အမျိုးသမီးတစ်ဦးက ချဉ်းကပ်လာပြီး ဘဏ်အကောင့်များ ဖွင့်ခိုင်းခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သတင်းရရှိသည်။ ထိုအမျိုးသမီးက အဆိုပါအကောင့်များကို အွန်လိုင်းစီးပွားရေးလုပ်ငန်းအတွက် အသုံးပြုမည်ဟု သူမအား စည်းရုံးခဲ့သည်။
အကောင့်အသေးစိတ်အချက်အလက်များကို ပေးအပ်ပြီးနောက် ထိုအမျိုးသမီးနှင့် အဆက်အသွယ်ပြတ်သွားကြောင်း သံသယရှိသူက ပြောသည်။ နောက်ပိုင်းတွင် သူမ၏ အကောင့်များကို တရားမဝင် လှုပ်ရှားမှုများအတွက် အသုံးပြုနေကြောင်း တွေ့ရှိခဲ့ရသည်။
သူမအား ဥပဒေကြောင်းအရ လိုအပ်သော အရေးယူမှုများ ဆက်လက်ဆောင်ရွက်ရန်အတွက် ECD ၏ တပ်ခွဲ (၃) မှ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးထားသည်ဟုလည်း သိရသည်။
Ref, Bangkok Post
