၃၀.၉.၂၀၂၅
Written by Hey Mar
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရွာအရှေ့ဘက်ရှိ ရှစ်ထပ်ရေတံခွန်မှာ မနေ့က ညနေပိုင်းက လာရောက်အပန်းဖြေရေကစားကြတဲ့ လူ ၁၄ ဦးပါ အဖွဲဲ့မှ ငါးဦး ရေတံခွန်အောက်ပြုတ်ကျရာမှာ တစ်ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ပြီး နှစ်ဦး ရုပ်အလောင်းကို နေ့ချင်းပြန်တွေ့ပေမယ့် အမျိုးသမီး နှစ်ဦး ပျောက်ဆုံးလျက်ရှိရာ ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်က တစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေး(MDY)နဲ့ လူမူကူညီရေးအသင်းအဖွဲ့တွေ ပါဝင်တဲ့ ရှာဖွေကယ်ဆယ် အဖွဲ့ တွေက ပျောက်ဆုံးနေတဲ့ အမျိုးသမီး နှစ်ဦးအနက် တစ်ဦးရဲ့ ရုပ်အလောင်းကို ရေတံခွန် တတိယအဆင့်ရဲ့ အောက်ဘက်၊ ပထမအဆင့်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး၊ ပြင်ဦးလွင် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သေဆုံးမှုဖြစ်စဥ်က မနေ့က စက်တင်ဘာ ၂၉ ရက် ညနေပိုင်းအချိန် ရှစ်ထပ်ရေတံခွန်မှာ တောင်ကျရေတရှိန်ထိုး ထိုးဆင်းကျလာရာက ရေကစားနေသူတွေ ရေစီးနဲ့ မျောပါသေဆုံးမှု ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖွဲ့က
ကိုယ်ပိုင်ကျောင်းတစ်ခုမှာ စာသင်ကြားပေးနေတဲ့ နိုင်ငံခြားသား ဆရာ၊ ဆရာမတွေပါဝင်ပြီး တောင်ကျရေအရှိန် ရေစီးအားကြောင့်ရေတံခွန်အမြင့်ဆုံးအဆင့်မှာ ရောက်ရှိနေစဉ် ရေစီးနဲ့ မျောပါခဲ့တာလို့ သိရပါတယ်။
ဖြစ်စဥ်အတွင်း အမျိုးသား၊ အမျိုးသမီး ငါးဦး မျောပါပျောက်ဆုံးခဲ့ရာ အမျိုးသမီး နှစ်ဦးကို သေဆုံးလျက် ရှစ်ထပ်ရေတံခွန်ရဲ့ အောက်အဆင့် သုံးထပ်ရေတံခွန်မှာ တွေ့ရှိ သယ်ယူနိုင်ခဲ့ကာ ရုရှားနိုင်ငံသား အမျိုးသားတစ်ဦးကို ရေတံခွန်အပေါ်ဆုံးအဆင့်မှာ ခြေထောက် အရိုးကျိုးဒဏ်ရာရရှိလျှက်သား အခြေအနေနဲ့ မြေပြင်ပေါ်ကို ရောက်ရှိဖို့ ခက်ခက်ခဲခဲသယ်ယူခဲ့ရတယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ စေတနာမွန် – အုန်းချော လူမှု ကူညီရေး အသင်းက ဆိုပါတယ်။
ကျန်ရှိပျောက်ဆုံးနေတဲ့ အမျိုးသမီး တစ်ဦးကိုလည်း ဆက်လက် ရှာဖွေကယ်ဆယ်ဖို့ ကြိုးစားနေပြီး ဒေသခံ တာဝန်သိပြည်သူတွေ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ သိရှိရပါတယ်။
