နေမိုး
၃၀. ၉. ၂၀၂၅
ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းကျေးရွာနေ လက်နက်မဲ့ပြည်သူတစ်ဦးကို PDF နှစ်ဦးက ပစ်သတ်လိုက်ကြောင်း သတင်းအရ လာရောက်စစ်ဆေးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF များက ချောင်းမြောင်းတိုက်ခိုက်သော်လည်း ပစ်ခတ်မှုအတွင်း PDF တစ်ဦးသေပြီးနောက် ထွက်ပြေးကုန်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းကျေးရွာနေ ဦးသက်ခိုင်(၄၅)နှစ်သည် ကြို့ပင်ကောက်မြို့မှ အလယ်ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် အလယ်ကုန်း-ကြို့ပင်စခမ်းသွား ကားလမ်းအတိုင်း တစ်ဦးတည်း မောင်းနှင်ထွက်ခွာလာစဉ် ကြို့ပင်စခမ်းကျေးရွာအနီးအရောက်၌ အသင့်စောင့်နေသည့် PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသက်ခိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အတွက် အဆိုပါနေရာအနီးပတ်ဝန်းကျင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ အလယ်စိန်ကြီးရိုးကျေးရွာအရှေ့တောင်ဘက် လေးဖာလုံခန့်အရောက်၌ PDF ခုနစ်ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ချေမှုန်းခဲ့ရာ အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အမည်ခံ အကြမ်းဖက်သမားတစ်ဦးအား လက်လုပ်သေနတ် တစ်လက်နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
