◾ ဖိလစ်ပိုင်နိုင်ငံတွင်လည်း Bualoi မုန်တိုင်းကြောင့် အနည်းဆုံး လူ ၂၆ ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေကာ ၃၃ ဦး ဒဏ်ရာရ
၃၀.၉.၂၀၂၅
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံကို စက်တင်ဘာလ ၂၉ ရက်မှာ တိုင်ဖွန်း Bualoi က ကုန်းတွင်းဝင်ရောက်ပြီး တိုက်ခတ်သွားခဲ့မှုနဲ့အတူ နိုင်ငံအတွင်းသေဆုံးသူ ၁၉ ဦးရှိပြီး ၂၁ ဦးပျောက်ဆုံးနေသေးတယ်လို့ ဗီယက်နမ်အစိုးရက စက်တင်ဘာလ ၃၀ ရက်မှာ ပြောခဲ့ပါတယ်။ တိုင်ဖွန်း Bualoi ကြောင့် နိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေပါဖြစ်စေခဲ့တဲ့အတွက် ပျက်စီးမှုအများဆုံး မုန်တိုင်းလည်း ဖြစ်ခဲ့ပါတယ်။
တိုင်ဖွန်း Bualoi က စက်တင်ဘာလ ၂၉ ရက်မှာ ဗီယက်နမ်အလယ်ပိုင်းရဲ့ မြောက်ဘက်ဒေသကမ်းရိုးတန်းမှာ ကုန်းတွင်းဝင်ရောက်ခဲ့တာပါ။ မုန်တိုင်းတိုက်ခတ်မှုက အများအားဖြင့် ငယ်အန်းနဲ့ ဟာတင်းပြည်နယ်တွေမှာ အိမ်အလုံးရေ ၁၀၀,၀၀၀ ကျော်ပျက်စီးကာ လူ ၈၈ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုအတွင်းမှာ စပါးနဲ့သီးနှံစိုက်ခင်း ဟက်တာ ၁၀,၀၀၀ ကျော် ပျက်စီးခဲ့ရပါသေးတယ်။
ဗီယက်နမ်နိုင်ငံတစ်ဝန်း စက်တင်ဘာလ ၂၉ ရက် တစ်နေ့လုံးမိုးရွာသွန်းခဲ့တာကြောင့် မိုးရေချိန် ၃၀၀ မီလီမီတာအထက်ရှိခဲ့ပြီး နိုင်ငံမြောက်ပိုင်းဒေသတွေမှာ ရေလွှမ်းမိုးလျက်ရှိကာ လျှပ်စစ်ဓာတ်အားတွေလည်း ပြတ်တောက်နေဆဲပါ။
Bualoi က အပူပိုင်းမုန်တိုင်းအနေဖြင့်လည်း ဖိလစ်ပိုင်နိုင်ငံကို စက်တင်ဘာလ ၂၆ ရက်မှာ စတင် ကုန်းတွင်းဝင်ရောက်တိုက်ခတ်ခဲ့သေးရာ အနည်းဆုံး လူ ၂၆ ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေကာ ၃၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖိလစ်ပိုင်သတင်းအေဂျင်စီက စက်တင်ဘာလ ၂၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။
မုန်တိုင်းကြောင့် နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေလည်းဖြစ်ခဲ့ရာ စုစုပေါင်း မိသားစု ၇၃၈,၇၁၄ စု ဒါမှမဟုတ် ပြည်သူ ၂,၇၉၇,၇၀၆ ဦးတို့ ထိခိုက်ခံစားခဲ့ရတယ်လို့ အမျိုးသားသဘာဝဘေး အန္တရာယ်လျှော့ချရေးနဲ့ စီမံခန့်ခွဲရေးကောင်စီမှ ပြောကြားခဲ့ပါတယ်။
Ref- CNA, AA.com




