၃၀.၉.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်အတွင်း အစ္စလာမ္မစ်ကျောင်းတစ်ကျောင်း၌ စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းက ကျောင်းအဆောက်အအုံတစ်ခုပြိုကျခဲ့ရာတွင် စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းအထိ ကျောင်းသားသုံးဦးသေဆုံးကြောင်းတွေ့ရှိခဲ့ပြီး ၁၀၁ ဦးမှာ ဒဏ်ရာများရရှိ၍ ဆေးရုံသို့တင်ပို့ထားရကြောင်း သိရသည်။
ကျောင်းအဆောက်အအုံက စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းတွင် ဆုတောင်းဝတ်ပြုပွဲကျင်းပနေ၍ ကျောင်းသူကျောင်းသားအများအပြားတက်ရောက်နေစဉ် ပြိုကျခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးသမားများက ပြိုကျအပျက်အစီးများအောက်တွင် သေဆုံးနေသူအများအပြားကို တွေ့ကြရကြောင်း ပြောခဲ့ကြသည်။
စက်တင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းအထိ ပြိုကျအပျက်အစီးများအောက်တွင် ပိတ်မိနေသူ ၃၈ ဦး ကျန်ရှိနေဆဲဖြစ်မည်ဟု ၎င်းတို့က ယုံကြည်ကြပြီး ရှာဖွေရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နေဆဲဖြစ်သည်။ တာဝန်ရှိသူများကမူ သေဆုံးသူအရေအတွက်မှာ မြင့်တက်လာဖွယ်ရှိသေးကြောင်း ပြောခဲ့ကြ သည်။
ပိတ်မိနေသူများတွင် အများအပြားမှာ ဆယ်ကျော်သက်အရွယ်ယောင်္ကျားလေးများဖြစ်ကြပြီး ကျောင်းအဆောက်အအုံပြိုကျစဉ် ဆုတောင်းပွဲသို့တက်ရောက်နေကြခြင်းဖြစ်သည်။
ပြိုကျခဲ့သည့် နှစ်ထပ်တိုက်အဆောက်အအုံက ခိုင်မာမှုမရှိသောအုတ်မြစ်ဖြင့်တည်ဆောက်ထားကာ ၎င်းအဆောက်အအုံအား ခွင့်ပြုချက်မရယူဘဲ ကွန်ကရစ်နှစ်ထပ်တိုက်အဖြစ် တိုးချဲ့ တည်ဆောက်ခဲ့ရာတွင် ခံနိုင်ရည်မရှိဘဲ ပြိုကျခဲ့ခြင်းဖြစ်မည်ဟု တာဝန်ရှိသူများက ပြောကြားကြသည်။
Ref, BBC




