၃၀. ၉. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံခရီးစဉ်အတွင်း နျူကလီးယားစွမ်းအင်နှင့် ပတ်သက်ပြီး သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ပြီးဖြစ်၍ ပထမဦးဆုံးအနေဖြင့် အဏုမြူစွမ်းအင် အသုံးပြုနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံဆောက်လုပ်ရန် လုံခြုံသည့်နေရာများ ဆက်လက်ရွေးချယ်သွားရန်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း၊ ကာဇက်စတန်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း အသီးသီးသွားရောက်ခဲ့ပြီး ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန် သတင်းမီဒီယာများ၏ မေးမြန်းမှုများအား ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာရှိတယ်။ ယခင်နှစ်ကတည်းကအတိုင်း MOU ပေါ့ဗျာ။ ထပ်လောင်းပြီးတော့ ရေးထိုးခဲ့တာရှိတယ်။ အဓိက ကတော့ ကျွန်တော်တို့က ပထမဦးဆုံး အဏုမြူစွမ်းအင် အသုံးပြုနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံတဲ့နေရာတွေ ဆက်လက်ပြီး ရွေးချယ်သွားဖို့ရှိတယ်။ အခုလည်း ရန်ကုန်မှာ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ။ ကျွန်တော်တို့ဟိုမှာ Atomic Week Forum လုပ်နေတဲ့အချိန်မှာပဲ ရန်ကုန်မှာလည်း ကျွန်တော်တို့ လုပ်ခဲ့တာမျိုးရှိတယ်။ ဒီအဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီး ကျွန်တော်အသိပေးလိုတာက အဏုမြူစွမ်းအင်ဆိုတာက လုံခြုံမှုရှိတဲ့စွမ်းအင်ဖြစ်ပါတယ်။ အဏုမြူစွမ်းအင်ဆိုတာသည် တည်ငြိမ်တဲ့လျှပ်စစ်ကို ပေးနိုင်တဲ့စွမ်းအင်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံတိုးတက်ဖို့ဆိုရင် ကျွန်တော်တို့ လျှပ်စစ်စွမ်းအားက ဘယ်လောက်ထိလိုတယ်ဆိုတာကို အားလုံးကသိပြီးဖြစ်လိမ့်မယ်။ လျှပ်စစ်စွမ်းအားလိုတဲ့နေရာမှာ တည်ငြိမ်တဲ့လျှပ်စစ်စွမ်းအင် ရရှိဖို့အရေးကြီးတယ်။ ဥပမာ-ဆိုလာကနေ လျှပ်စစ်ရမယ်။ လေကနေ လျှပ်စစ်ရမယ်။ ပြီးရင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ စက်တွေကနေ လျှပ်စစ်စွမ်းအင်တွေရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အမျိုးစုံပေါင်းပြီးတော့ ဆောင်ရွက်ရတာဖြစ်တယ်။ ဥပမာ ဆိုလာလျှပ်စစ်စွမ်းအင်ဆိုရင် ညဘက်မှာ မရနိုင်တော့ဘူး။ Wind Power လေစွမ်းအင်ဆိုတာလည်း လေတိုက်ခိုက်မှုလျော့နည်းတဲ့အချိန်မှာ မရနိုင်တော့ဘူး။ ဒီအချိန်မှာ နိုင်ငံတစ်နိုင်ငံလုံးမှာရှိနေတဲ့ စွမ်းအင်အရင်းအမြစ်တွေ အားလုံးကအသုံးပြုပြီးတော့ လိုတဲ့စွမ်းအင်ကို ဒီဘက်စွမ်းအင်ကဖြည့်မယ်။ ဟိုဘက်က လိုတဲ့စွမ်းအင်ကို ဒီဘက်ကနေ ဖြည့်မယ်ဆိုတဲ့ဟာမျိုးတွေ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစွမ်းအင်သည်လည်း အစပိုင်းရင်းနှီးမြှုပ်နှံမှုက ကြီးကောင်းကြီးမယ်။ နောက်ပိုင်းမှာတော့ တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအားနဲ့ ဖွံ့ဖြိုးတိုးတက်မှုရစေနိုင်တယ်။ ဒါကတော့ လျှပ်စစ်စွမ်းအင်နဲ့ ပတ်သက်တဲ့အပိုင်းပါ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် နျူကလီးယားစွမ်းအင်နှင့် ပတ်သက်ပြီး သုတေသနပြုမှုများ၊ ဆေးဝါးဆိုင်ရာသုတေသနနှင့် ကျန်ရှိသုတေသနများအားလုံးကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ဆောင်ရမည့် စွမ်းအင်တစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“နံပါတ်နှစ်အပိုင်းကတော့ ဒီဟာကိုဆောင်ရွက်တဲ့နေရာမှာ Nuclear စွမ်းအင်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ထိတွေ့လာမယ်။ Nuclear စွမ်းအင်နဲ့ ပတ်သက်ပြီး သုတေသနပြုမှုတွေ၊ ဆေးဝါးဆိုင်ရာသုတေသန ကျန်တဲ့သုတေသနတွေအားလုံးကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် ဒါသည် ကျွန်တော်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်ရမယ့်စွမ်းအင်တစ်ခုဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ပြောလိုပါတယ်။ အသိပေးလိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။



