၃၀.၉.၂၀၂၅
Written By Thandar
တစ်ချိန်က စတီရီယို နာမည်ကြီးအဆိုတော်ကြီး ၄ ဦးပါဝင်ဖျော်ဖြေမယ့် “Stereo ခေတ်ဦး ဂီတသံ” Live Concert ကိုလာမယ့် အောက်တိုဘာ ၃ ရက် ည ၇ နာရီမှာ ရန်ကုန်မြို့ Inya Lake Hotel ( Mingalar Ballroom) မှာ ကျင်းပမှာဖြစ်ပါတယ်။
“အမေချိုကတော့ အားလုံးကချစ်တဲ့ အမေချိုကတော့ မကြာခင် အောက်တိုဘာ ၃ ရက်နေ့မှာ Ngwe Taung Tan Entertainment က လုပ်တဲ့ပွဲလေးတစ်ခုမှာ သီချင်းလေးတွေဆိုဖို့ရှိပါတယ်။ ဒီပွဲကတော့ ထူးခြားချက်လေးတွေရှိပါတယ်။ ဘယ်လိုထူးခြားလဲဆိုရင်တော့ အမေချိုရယ်၊ မ Joyce ရယ်၊ ကိုခင်မောင်ထူးရယ် နောက် ကိုဘိုဘိုဟန်ရယ်ပေါ့။ ခေတ်စကားနဲ့ပြောရရင် အဘိုးကြီး၊ အဘွားကြီးတွေပေါ့။ စတီရီယိုခေတ်ဦးက သီချင်းတွေကို နားထောင်ခဲ့တဲ့သူတွေကို အဲ့ခေတ်လေးကို ပြန်ရောက်သလို ခံစားရအောင် အမေချိုတို့က ဖျော်ဖြေပေးမှာပါ။ အဲ့ခေတ်က ငယ်ရွယ်မှု၊ နုနယ်မှု၊ လန်းဆန်းမှုတွေကို ကြည့်နေရင်းပြန်ရမယ့် မုဒ်လေး ပြန်ရမယ်လို့ အာမခံပါတယ်။ တစ်ချိန်က အမှတ်တရလေးပြန်လည် သတိရစရာတွေ ပေါ်လာမှာပါ။ အမေချိုတို့ သူငယ်ချင်း ၄ ယောက်ရဲ့ သီဆိုမှုကို အမှတ်တရလေးဖြစ်နေအောင်လုပ်ထားပါတယ်။ လာရောက်အားပေးပါလို့ အမေချိုက ဖိတ်ခေါ်ချင်ပါတယ်”လို့ ထပ်ဆင့်အကယ်ဒမီ ချိုပြုံးက ပြောပါတယ်။


အဆိုပါ Live Concert ဖျော်ဖြေပွဲမှာတော့ နာမည်ကြီး အဆိုတော်ကြီးတွေဖြစ်တဲ့ ဘိုဘိုဟန်၊ ချိုပြုံး၊ နွဲ့ယဉ်ဝင်းနဲ့ ခင်မောင်ထူးတို့က Aurora Music Band နဲ့အတူ တီးခတ်သီဆိုဖျော်ဖြေသွားမှာလည်းဖြစ်ပါတယ်။ တစ်ချိန်က ပရိသတ်ရင်ထဲကိုရောက်ခဲ့တဲ့ တေးသီချင်းပေါင်းများစွာနဲ့ သီဆိုဖျော်ဖြေပေးကြမှာလည်းဖြစ်ပါတယ်။
