သတိုး
၂၉. ၉. ၂၀၂၅
မြန်မာနိုင်ငံ၏ ပယင်းထွက်ရှိရာ ဗဟိုချက်မှ ပယင်းတစ်ခုထဲ၌ သဘာ၀က ထည့်သွင်း ထိန်းသိမ်းပေးထားသော သေးငယ်သည့် ဒိုင်နိုဆောအမြီးလေးတစ်ခုသည် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့သော ကမ္ဘာကြီး၏မြင်ကွင်းတစ်ရပ်ကို ပေးစွမ်းနေပြီး၊ ဂျူယောဆစ်ပန်းခြံ (Jurassic Park) ရုပ်ရှင်၏ ဇာတ်လမ်းကို သတိရစရာ ဖြစ်လာခဲ့သည်။
◾️ တွေ့ရှိမှုအသေးစိတ်နှင့် သွင်ပြင်လက္ခဏာများ
ပယင်းကျောက်ထဲတွင် ရှေးခေတ်က ပိတ်မိနေခဲ့သော ခြင်များထံမှ ဒိုင်နိုဆော DNA ကို ထုတ်ယူကာ မျိုးရိုးဗီဇနည်းပညာဖြင့် ဒိုင်နိုဆောများကို ပြန်လည်မွေးဖွား ဖန်တီးခြင်းအပေါ် အခြေခံထားသည့် Jurassic Park ဇာတ်လမ်းကဲ့သို့ ဖြစ်ရပ်ဆန်းတစ်ခုတွင် အမွေးအတောင် အုံထူနေသည့် ဒိုင်နိုဆောအမြီးကို မြန်မာ့ ပယင်းခဲကြီးတစ်ခုအတွင်း အပြည့်အဝ ပုံစံမပျက် ထိန်းသိမ်းထားသည်ကို တွေ့ရှိခဲ့ရသည်။
ဤသေးငယ်သော ဒိုင်နိုဆောသည် မျိုးသုဉ်းမှုကြီး မဖြစ်ပွားမီ လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၁၆၀ နီးပါးက ကမ္ဘာမြေကို လွှမ်းမိုးထားခဲ့သည်။ Current Biology ဂျာနယ်အရ နမူနာကို စစ်ဆေးကြည့်ရှုရာတွင် အမြီး၏ အပေါ်ပိုင်းသည် သစ်ချသီးအညိုရောင်ဖြစ်ပြီး အောက်ဘက်တွင် အဖြူရောင် ရှိကြောင်း ညွှန်ပြနေသည်။ ၎င်းပယင်းကို မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကချင်ပြည်နယ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုဒေသသည် နှစ်ပေါင်း ၂,၀၀၀ ကာလကြာ ပယင်းများ ထွက်ရှိနေသည့် နေရာဖြစ်သည်။
နှစ်သန်းပေါင်း ၉၉ သန်း သက်တမ်းရှိပြီဖြစ်သော ထိုပယင်းကို လက်ဝတ်ရတနာပြုလုပ်ရန်အတွက် အချောကိုင် ပွတ်တိုက်နေခဲ့ပြီး ရောင်းချသူက အတွင်းရှိ အရာများသည် သာမန် အပင်အပိုင်းအစများသာ ဖြစ်သည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းသည် စာကလေးအရွယ်ခန့်ရှိသောအမွေးအတောင်ပါသည့် ဒိုင်နိုဆော၏ အမြီးဖြစ်နေကြောင်းကို သိပ္ပံပညာရှင်များက စစ်ဆေး တွေ့ရှိခဲ့သည်။

◾️ သိပ္ပံပညာရှင်များ၏ မှတ်ချက်
ကနေဒါနိုင်ငံရှိ Royal Saskatchewan Museum ပြတိုက်မှ Current Biology ဂျာနယ် သုတေသနကို ပူးတွဲရေးသားသူ ဒေါက်တာ ရိုင်ယန် မက်ကဲလားက “ပယင်းထဲမှာ ဒိုင်နိုဆောရဲ့ အစိတ်အပိုင်းကို ပုံစံမပျက် တွေ့ရှိရတာ ဒါ ပထမဆုံးအကြိမ်ပါ” ဟု ဘီဘီစီသို့ ပြောကြားခဲ့သည်။
အဆိုပါ ဒိုင်နိုဆောအမြီးဖြစ်တည်မှုကို ဆောင်းပါးရှင်လည်းဖြစ်သည့် ပေကျင်းရှိ တရုတ်နိုင်ငံ ဘူမိသိပ္ပံတက္ကသိုလ်မှ လိုင်ဒါရှင်းက မြစ်ကြီးနားရှိ ပယင်းဈေးတစ်ခုမှ ယခု Jurassic Park ဟောလီးဝုဒ်ရုပ်ရှင်နှင့် ထိုက်တန်သော ကျောက်ဖြစ်ရုပ်ကြွင်းပါ ပယင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
မက်ကဲလားကမူ အမြီးသည် ရှေးကျသောငှက်မျိုးစိတ်တစ်ခု၏ အမြီးမဟုတ်ဘဲ အမွေးအတောင်ပါသော ဒိုင်နိုဆော၏ အမြီးဖြစ်သည်ဟု အတည်ပြုသည်။ အဘယ်ကြောင့်ဆိုသော် “အရိုးဆစ်တွေဟာ ခေတ်သစ်ငှက်တွေလိုမျိုး အရိုးချောင်းတစ်ခုအဖြစ် ပေါင်းစပ်မနေဘဲ အမြီးက ရှည်လျားပြီး ကွေးညွတ်နိုင်တဲ့အပြင် အမွေးအတောင်အတန်းတွေက ဘေးနှစ်ဖက်လုံးမှာ ရှိနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ဒိုင်နိုဆောသည် ပယင်းဖြစ်လာမည့် သစ်စေးထဲတွင် ပိတ်မိခံရချိန်၌ အသက်ရှင်လျက်ဖြစ်နိုင်သည်ဟု သွေးအကြွင်းအကျန်များကဲ့သို့ တွေ့ရှိရသော လက္ခဏာများက ညွှန်ပြနေသည်။ အမြီးကို အနီးကပ်စစ်ဆေးကြည့်ရှုရာတွင် တစ်ချိန်က နမူနာထဲ၌ ရှိခဲ့ဖူးသော သွေးများ၏ အကြွင်းအကျန်ဖြစ်သည့် Ferrous iron ခြေရာများကို တွေ့ရှိရသည်။ (ပယင်းထဲရှိ အမြီးနမူနာတွင် Ferrous iron (Fe2+) ခြေရာများ တွေ့ရှိရခြင်းက ထိုအမြီးသည် ပယင်းထဲသို့ မဝင်ရောက်မီက သွေးနှင့် အရည်များ ပါဝင်နေဆဲ ဖြစ်သည်ကို ပြဆိုသည်။ ထို့ကြောင့် ထိုဒိုင်နိုဆော သေဆုံးသွားသည်မှာ မကြာသေးမီက ဖြစ်ကြောင်းကို သက်သေပြလိုက်ခြင်းပင် ဖြစ်ပြီး သို့မဟုတ်ပါက အချိန်ကြာလာမှ ပယင်းထဲသို့ ဝင်ရောက်သည်နှင့်အမျှ ဓာတ်ပြောင်းလဲမှုများ ဖြစ်ပေါ်ကာ ဖဲရပ်စ် သံဓာတ် (Fe3+) အဖြစ် ပြောင်းလဲသွားနိုင်သည်။)
ထို့အပြင် ၎င်း၏ အမွေးအတောင်များသည် ခေတ်သစ်ငှက်များတွင် တွေ့ရသော ကောင်းစွာ ဖွံ့ဖြိုးသည့် ဗဟိုအရိုး မပါရှိခြင်းကို တွေ့ရသည်။ ပယင်း နမူနာများစွာသည် ပုဂ္ဂလိက စုဆောင်းမှုများထဲသို့ ရောက်သွားပါက သိပ္ပံပညာအတွက် ဆုံးရှုံးသွားကြောင်း ဒေါက်တာ မက်ကဲလားက မှတ်ချက်ပေးခဲ့သည်။

◾️ သိပ္ပံနည်းကျ အရေးပါပုံ
လန်ဒန် သဘာဝသမိုင်းပြတိုက်မှ ဒေါက်တာ ပေါလ် ဘာရက်က ဤနမူနာကို “လှပသော ကျောက်ဖြစ်ရုပ်ကြွင်း” ဟု ခေါ်ဆိုခဲ့ပြီး ပယင်းထဲတွင် ကျောရိုးရှိသတ္တဝါ အစိတ်အပိုင်း တွေ့ရှိရခြင်းမှာ “အလွန်ရှားပါးသော ဖြစ်ရပ်” ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ “အမွေးအတောင်များကို ပယင်းထဲမှာ အရင်က တွေ့ဖူးပေမဲ့ ဒီနမူနာအသစ်က မေဆိုဇိုးရစ်ခေတ် (Mesozoic (Jurassic Park ရုပ်ရှင်နှင့် ဒိုင်နိုဆောများအကြောင်း ရုပ်ရှင်များကြောင့် ကျော်ကြားလာသော မေဆိုဇိုးရစ်ခေတ် (Mesozoic Era) သည် နှစ်ပေါင်း ၁၈၆.၂ သန်းခန့် ကြာမြင့်ခဲ့ပြီး ဒိုင်နိုဆောများ ကမ္ဘာကို လွှမ်းမိုးခဲ့သော ကာလ (Age of Reptiles or Age of Dinosaurs) အဖြစ် လူသိများသည်။) ဒိုင်နိုဆော/ငှက်တစ်မျိုးရဲ့ အမွေးအတောင်တွေရဲ့ ၃-ဘက်မြင် (3D) ပုံစံကို ပထမဆုံးအကြိမ် ပြသလိုက်တာပါ” ဟု ၎င်းက ပြောသည်။
အခြားသော အမွေးအတောင်ပါသည့် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ရှေးဟောင်းငှက်အရိုးစုများသည် ပြားချပ်ပြီး ၂-ဘက်မြင် (2D) သာ ဖြစ်သောကြောင့် ၎င်းတို့၏ ခန္ဓာဗေဒဆိုင်ရာ အရေးကြီးသည့် အင်္ဂါရပ်များကို ဖုံးကွယ်ထားခဲ့သည်။
ဤပယင်းနမူနာအသစ်သည် ခေတ်သစ်ငှက်အမွေးအတောင်များ၏ အသေးစိတ်သွင်ပြင်လက္ခဏာများ (ဥပမာ- အမွေးအမျှင်ငယ်လေးများကို ဆုပ်ကိုင်ထားသည့် ချိတ်ငယ်များ) ပေါ်ပေါက်လာသည့် အစဉ်လိုက်ကျောရိုးသည် ဖွံ့ဖြိုးမှုဆိုင်ရာ ဇီဝဗေဒပညာရှင်များ၏ အယူအဆများနှင့် ကိုက်ညီကြောင်း အတည်ပြုပေးခဲ့သည်။
Ref , express.co.uk
