၂၉. ၉. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် သီးခြားတွေ့ဆုံခဲ့စဉ် ယခင်တွေ့ဆုံခဲ့မှုများထက် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် တိုးမြှင်နိုင်ရန်အပြင် ကူးသန်းရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကာကွယ်ရေးဆိုင်ရာ၊ အာကာသနှင့် အဏုမြူဆိုင်ရာ ပူးပေါင်းဆောင်နိုင်ရေးတို့အတွက် ဆွေးနွေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံများသို့ အလုပ်သဘောခရီးစဉ်များ သွားရောက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာလေဆိပ်မှ မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ချိန် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရုရှားသမ္မတကြီး ပူတင်နဲ့ သီးခြားတွေ့ဆုံနိုင်ခဲ့တာရှိပါတယ်။ မတ်လမှာ တွေ့ဆုံခဲ့ပြီးဖြစ်ပြီးတော့ တွေ့ဆုံခဲ့တဲ့ရလဒ်တွေကို မူတည်ပြီးတော့ တိုးတက်မှုအခြေအနေ တွေပေါ့ဗျာ။ ဒါတွေကို ဘယ်လိုသုံးသပ်ကြမလဲ။ နှစ်ဖက်သုံးသပ်ပြီးတော့ ဒီထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့က ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အာကာသနှင့် အဏုမြူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဒါတွေကို ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တာရှိပါတယ်” ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပြုလုပ်သည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum) သို့ တက်ရောက်ချိန်တွင်လည်း ဘယ်လာရုစ်သမ္မတ၊ အာမေးနီးယားဝန်ကြီးချုပ်၊ အီသီယိုးပီးယားဝန်ကြီးချုပ်၊ အခြားခေါင်းဆောင်များ၊ IAEA ၏ ညွှန်ကြားရေးမှူးချုပ်တို့နှင့် တွေ့ဆုံ၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
“ဒီညီလာခံဟာ ထူးခြားတဲ့ညီလာခံတစ်ခုလည်းဖြစ်ပါတယ်။ အဓိက,ကတော့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးနဲ့ ပတ်သက်ပြီးတော့ အမြင်ချင်းဖလှယ်ကြတာလည်းဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့လည်း IAEA အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့် အဏုမြူစွမ်းအင်ကို လူသားအကျိုးပြုလုပ်ငန်းငန်းတွေမှာ အသုံးပြုနိုင်အောင် အမြင်ချင်းဖလှယ်တာလည်းဖြစ်ပါတယ်။ ရရှိခဲ့တဲ့အကျိုးကတော့ တော်တော်လေးကောင်းတယ်လို့ ပြောရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက် ပြောကြားသည်။
