နေမိုး
၂၉. ၉. ၂၀၂၅
အကြမ်းဖက်လက်နက်ကိုင် KNU/KNLA က ဖျက်ဆီးမည် ကြုံးဝါးထားသော ရွေးကောက်ပွဲကို အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်ဆောင်ရွက်သွားမည်ဟု ကရင်လက်နက်ကိုင်သုံးဖွဲ့ဖြစ်သေ DKBA၊ BGF နှင့် KNU/KNLA(PC) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
လာမည့် ဒီဇင်ဘာရွေးကောက်ပွဲကို ဖျက်ဆီးရန် ကြုံးဝါးထားပြီး ကရင်နှင့် ပြည်သူတစ်ရပ်လုံးကိုပါ သွေးထိုးလှုံ့ဆော်မှုဖြင့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် သတ်မှတ်ခံလိုက်ရသော KNU/KNLA ၏ အကြမ်းဖက်လမ်းစဥ်ကို လက်မခံသော DKBA၊ BGF နှင့် KNU/KNLA(PC) တို့က ကရင်ပြည်နယ်ဒေသခံ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆင့်မြင့် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ (၂၈-၉-၂၀၂၅တွင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အမှတ်(၂) တပ်နယ် ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ် – BGF) နှင့် ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အဖွဲ့တို့မှ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ကရင်ပြည်နယ်နှင့် ပြည်သူလူထု တို့၏ အနာဂတ်အတွက် လေးနက်စွာတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထို တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ကရင်ပြည်နယ်၏ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေအရပ်ရပ်အပေါ် လေ့လာ သုံးသပ်ကြလျက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခပေါင်းစုံကို ဖြေရှင်းနိုင်မည့် ဒီမိုကရေစီနည်းလမ်းကျသော ပြည်သူ့ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွန်းစေလျက် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မည့်အပြင် ကရင်ပြည်နယ်နှင့် ပြည်သူများ၏ဘဝကိုပါ အေးချမ်း တည်ငြိမ်အောင် ဖန်တီးပေးနိုင်မည်ဟု သုံးသပ်ဆွေးနွေးယူဆခဲ့ကြသည်။
အဆိုပါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒပြုကြမည့် ဒေသခံပြည်သူများ၏ လွတ်လပ်သော သဘောဆန္ဒအရ ပူးပေါင်းပါဝင်နိုင်မှုကို အလေးထား အသိအမှတ်ပြုကာ ဒီမိုကရေစီ စံချိန်စံညွှန်းများကို လေးစားတန်ဖိုးထားလျက် လွတ်လပ်သော ဆန္ဒဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒမဲပြုခြင်းအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရန် အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါတီစုံဒီမိုကရေစီ စနစ်ဖြင့် ပြည်သူတို့၏ တည်ငြိမ်အေးချမ်းသောဘဝကို ဖော်ဆောင်နိုင်စေရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း DKBA၊ BGF နှင့် KNU/KNLA(PC) တို့က ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည်။
