◾️ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူးတို့ ကူမင်းလေဆိပ်၌ ယနေ့ တွေ့ဆုံဆွေးနွေး
၂၉. ၉. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူး Mr. Hu Dapeng နှင့် ယနေ့ တွေ့ဆုံစဉ် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတွင် ပါဝင်သည့်စီမံကိန်းများ အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးခဲ့သည်။
ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာလေဆိပ်မှ မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာစဉ် တရုတ်နိုင်ငံ ကူမင်းမြို့၊ ကူမင်းလေဆိပ်၌ ခေတ္တရပ်နားခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူး Mr. Hu Dapeng တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ အထူး ကိုယ်စားလှယ် H.E. Mr. Deng Xiju နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

ထို့နောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီ ကော်မတီအမြဲတမ်း ကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီကော်မတီ၏ နိုင်ငံရေးနှင့်ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထို့သို့တွေ့ဆုံစဉ် တရုတ်နှင့်မြန်မာသည် ခိုင်မာသည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ယုံကြည်ရသည့် မိတ်ဆွေနိုင်ငံဖြစ်သည့် အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တိုင်း ကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆက်လက်၍လည်း လိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံအပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် ပါဝင်သည့်စီမံကိန်းများ၊ သဘောတူညီချက်များကို အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား ကူးလူးဆက်ဆံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့် ပြည်သူနှစ်ရပ်အကြားအကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
