၂၉. ၉. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့၏ ဖိတ်ကြားချက်များအရ ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံများသို့ အလုပ်သဘော ခရီးသွားရောက်ခဲ့သည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်လင်းဒွေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော် တပ်မတော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။




ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week 2025) သို့ တက်ရောက်ရန် စက်တင်ဘာ ၂၄ ရက်မှ စတင်၍ နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ရုရှားနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရုရှားနိုင်ငံခရီးစဉ်အတွင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week 2025) သို့ တက်ရောက်ခြင်း၊ ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့သည့်အပြင် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေး ဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက် ခိုင်မာအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှတစ်ဆင့် အထူးလေယာဉ်ဖြင့် ကာဇက်စတန်နိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ရာ နေ့လယ်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ ရောက်ရှိခဲ့သည်။
အဆိုပါ ကာဇက်စတန်နိုင်ငံခရီးစဉ်အတွင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇက်စတန်နိုင်ငံသမ္မတ အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့သည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့မှ ပြန်လည်ထွက်ခွာလာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ကူမင်းလေဆိပ်၌ ခေတ္တရပ်နားချိန် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ် ပါတီကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး မစ္စတာဟူတဖန်၊ အာရှရေးရာကိုယ်စားလှယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာတိန့် ရွှီကျွမ်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်များအတွင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။
