၂၉.၉.၂၀၂၅
Written By Min Thet
တရုတ်ရွှေဆိုင်တစ်ဆိုင်ကို တိုက်အောက်က လှိုဏ်ခေါင်းတူးဝင်၍ ဖောက်ထွင်းခိုးယူခဲ့သည့် ဖြစ်ရပ်ဆန်း တစ်ခု “ဝ”လက်နက်ကိုင် UWSA ထိန်းချုပ်နယ်မြေ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်အောက်ဘက် လှိုဏ်ခေါင်းမြေကျင်းကတစ်ဆင့် ဆိုင်အတွင်းဝင်ရောက်၍ ရွှေထည်ပစ္စည်းများကို ခိုးယူ ခဲ့သည့် ဖြစ်စဉ်မှာ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရွှေဆိုင်မှာ “ဟောင်ကောင်” အမည်ရှိ တရုတ်လူမျိုးပိုင် ရွှေဆိုင်ဖြစ်ပြီး နမ့်တစ်မြို့တွင် အဆိုပါ ဖြစ်ရပ်မျိုးမှာ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသော ဖြစ်ရပ်ဟု ဒေသခံများက ပြောနေကြသည်။
“အဲဒီ သူခိုးက ထွက်ပြေးနေတုန်း။ မဖမ်းမိသေးဘူး။အသည်းအသန် လိုက်ရှာနေကြတယ်။ မိတော့ မိမယ် ဗျ” ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ခိုးယူခံရသော ပစ္စည်းတန်ဖိုးများကိုမူ မသိရပေ။
ရွှေဆိုင်တွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းအရ ခိုးယူသူမှာ တစ်ဦးတည်းဖြစ်ပြီး တိုက်အောက်ဘက်တွင် မြေကို တူးထားသည့် လှိုဏ်ခေါင်းကျင်းက တစ်ဆင့် နေအိမ်အတွင်း ဖောက်ထွင်း ဝင်ရောက်ခိုးယူခဲ့သည်ကို တွေ့ရခြင်းလည်း ဖြစ်သည်။
