၂၉. ၉. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်တွင် ဘက်ပေါင်းစုံမှ ကြိုးစားရန်လိုအပ်နေသည့်အချိန် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများတွင် ပြည်ထောင်စုအကျိုးကို ရည်မှန်းကာ အမြင်ကျယ်ကျယ်ဖြင့် လုပ်ဆောင်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
“အဓိကတော့ ကျွန်တော်တို့က ဘက်ပေါင်းစုံက ကြိုးစားဖို့လိုတယ်။ တစ်ဖက်ကလည်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေလည်း ပြည်ထောင်စုရဲ့အကျိုးကို ရည်မှန်းပြီးတော့ အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ တချို့ ပြောဆိုနေကြတာတွေက အားနည်းချက်က ရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဓိကတော့ သူတို့နိုင်ငံရေးအရ ဘာသာရေးအရ တိုင်းရင်းသားရေးအရ တချို့ပြောဆိုနေတာလေးပေါ့။ ပြောဆိုတာလေးတွေက် ဒီထက်ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ပြောဆိုလုပ်ကိုင်မယ်ဆို ပိုကောင်းမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့တွေ ကြိုးစားအားထုတ်မှုလည်းလိုတယ်” ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်သည့်အချိန်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေးတို့သည် အဓိက အားထုတ်ရမည့် ကဏ္ဍနှစ်ခုဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။၊
“ကြိုးစားအားထုတ်တာက နှစ်ပိုင်းပေါ့။ တစ်ခုကတော့ ပညာသင်ကြားရေးအပိုင်းကို သွားရမယ်။ ဒါက ငြင်းပယ်လို့မရဘူး။ ပကတိတိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေက ပညာရေးအားနည်းတဲ့ အခြေအနေမှာ ရှိတယ်လို့မြင်တယ်။ ဒုတိယက ဘာလဲဆိုရင် ကုန်ထုတ်လုပ်မှု အလုပ်လုပ်မှုပေါ့။ ဒီနှစ်ခု ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ်။ ကျွန်တော် အရင်ကပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့က အရင်တုန်းက ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အဲ့ဒါ ဘာလဲဆိုရင် သယံဇာတပစ္စည်းတွေ အပေါ်မှာပဲရောင်းတာပေါ့။ တွင်းထွက်ပစ္စည်း၊ ရေနံဓာတ်ငွေ့ ပစ္စည်းတွေ၊ သစ်တောထွက်ပစ္စည်းတွေ ရောင်းတာရှိမယ်။ ဒါပေမယ့် ကျွန်တော်တို့က အလုပ်လုပ်ပြီး ထုတ်လို့ရတဲ့ပစ္စည်း တင်ပို့ရောင်းချမှုက အားနည်းပါတယ်။ ဒါကျွန်တော်က ထောက်ပြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ဆီမှာရှိတဲ့ ရေမြေတောတောင်တွေကို အသုံးချပြီးတော့မှ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို သွားဖို့လိုတယ်။ အဲ့ဒါတော့ ခိုင်မာတဲ့လုပ်ငန်းပဲ။ ခုနက သယံဇာတထုတ်ရောင်းတယ်ဆိုတာ ခိုင်မာတဲ့လုပ်ငန်းတော့ မဟုတ်ဘူး။ ခိုင်မာတဲ့လုပ်ငန်းဆိုတာ အလုပ်လုပ်ဖို့လိုတယ်” ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
