၂၉.၉.၂၀၂၅
Written by Hey Mar
ကျောင်းသွားရင်း စက်ဘီးမှောက်ရာက ဒူးဒဏ်ရာရရှိခဲ့ပြီး ဆေးမြီးတိုနဲ့ ကုနေရင်း အရိုးကင်ဆာ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ Grade -12 ကျောင်းသူ အမျိုးသမီးငယ်ဟာ မနေ့က စက်တင်ဘာ ၂၈ ရက်နေ့က နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံကြီးမှာ ဘယ်ဘက်ခြေထောက်ခွဲစိတ်ဖြတ်တောက်ကုသမှုခံယူနိုင်ခဲ့ပြီလို့ သိရပါတယ်။
ခွဲစိတ်မှု ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး ကင်ဆာရောဂါ အမြစ်ပြတ်အောင် ဆက်လက်ကုသဖို့တော့ လိုအပ်ဦးမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆေးရုံမှာတစ်လခန့် တက်ရောက် ကုသရမယ်လို့ ခန့်မှန်းထားပြီး အဲ့ဒီနောက်ပိုင်း ဆေးရုံက ဆင်းရင်တော့ ဆရာဝန်သတ်မှတ်တဲ့ ရက်ချိန်းအတိုင်းပြန်လည်ပြသကာ ဓာတ်ရောင်ခြည် ကုထုံး၊ ကီမိုဆေးသွင်းကုသတဲ့ ကုထုံးတွေကို ကင်ဆာဆဲလ်တွေလုံးဝ အကင်းသေတဲ့ထိ ကုသရမှာလို့လည်း သိရပါတယ်။

ဆေးရုံ တက်ရောက်ကုသနိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့တဲ့ Save The Trees Rescue Team မှ တာဝန်ရှိသူက “အခုတော့ ပေါင်းရင်းက ဖြတ်ရတယ်။ ခွဲစိတ်မှု အောင်မြင်ပါတယ်။ နောက်ဆက်တွဲ ကုသမှုကတော့ ကင်ဆာ ဆေးသွင်းရမှာပေါ့။ ဆယ်ကြိမ် ဖြစ်မလား၊ အကြိမ် နှစ်ဆယ်ဖြစ်မလားတော့ မသိသေးဘူးပေါ့။ ခြေထောက်အနာပျောက်ရင် ဆေးရုံကဆင်းမယ်။ အိမ်ကနေ ဆက်ကုမယ်။ ကျွန်တော်တို့က သတ်မှတ် ဆေးရုံချိန်းရက်အတိုင်း အလှူငွေ၊ ယာဉ် စသဖြင့် လူနာအတွက် လိုအပ်တာ အကုန်ကူမှာပေါ့။ အပြင်မှာဆိုရင်တော့ ဒီကလေး ကုသစရိတ်က တစ်ကြိမ်ကို ဆယ်သိန်းကျော် ကုန်နိုင်တာပေါ့။ အခုက ဆေးရုံကြီးက အလကားပေးတဲ့ ဆေးဝါးတွေ၊ အခြား ကုသမှု ဝန်ဆောင်မှု ဒါတွေရမယ်။ ကျွန်တော်တို့ ကူနေတာသိတော့ အသက်သာဆုံးဖြစ်အောင်လည်း ဆောင်ရွက်ပေးကြလို့ ခြောက်သိန်း ခုနစ်သိန်းလောက်ပဲ ကျနိုင်ပါမယ်။ ဒါဆေးဖိုးပေါ့” လို့ MT News ကို ပြောပါတယ်။
အဆိုပါမိန်းကလေးငယ်က ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့၊ ချောင်းဝကျေးရွာက အသက် ၁၈ နှစ်အရွယ် Grade-12 ကျောင်းသူတစ်ဦးဖြစ်ကာ ၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်ရဲ့ နှစ်ကုန်ခါနီးအချိန်မှာ အခုလိုဖြစ်ပွားပြီး ကျောင်းဆက်လက် တက်ရောက်နိုင်ခြင်းပါ မရှိတော့တာလို့ သိရပါတယ်။
Save The Trees Rescue Team အနေနဲ့လည်း လတ်တလော ဆေးဖိုးနဲ့ အာဟာရ ပြည့်အောင်စားသောက်နိုင်ရေးကူညီဆောင်ရွက်ပေးထားပြီး အလှုရှင်ရအောင်လည်း ဆက်လက် ချိတ်ဆက်ကူညီသွားမယ်လို့ သိရပါတယ်။
အရိုးကင်ဆာ မိန်းကလေးအတွက် ချိတ်ဆက်ကူညီ ကုသိုလ်ပြုချင်ပါကလည်း Save The Trees Rescue Team ရဲ့ Kpay နံပါတ် 09256666575, Wave 09790162093 နဲ့ Aya pay 09256666575 တို့ကနေတစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင် ကူညီနိုင်ပါတယ်။
