၂၈. ၉. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်ရွှေ့ပြောင်းမြန်မာလုပ်သားသုံးဦးပါဝင်သောနယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုကွန်ရက်မှ လူ ၁၉ ဦးပါ ဂိုဏ်းတစ်ခုလုံးကို ထိုင်းနိုင်ငံ၊ ဘူရာဖာတပ်ဖွဲ့က ယနေ့ ဖမ်းဆီးလိုက်သည်။
ယနေ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အနီး၊ စကဲယိုပြည်နယ်၊ အရညာပရာ့ထက်ခရိုင်၌ ဗိုလ်မှူးကြီး ချိန်းနရုန်း ကဆီး ဦးဆောင်သော ဘူရာဖာတပ်ဖွဲ့သည် ထိုင်းလူမျိုး လူကုန်ကူးသူ ၁ ဦး ဦးဆောင်ကာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူ ၁၈ ဦးကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီး ထိန်းသိမ်းခံရသူများကို အဓိကအုပ်စုနှစ်ခုအဖြစ် ခွဲခြားခဲ့ရာ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိသော ထိုင်းလူမျိုး လူကုန်ကူးသူ အသက် ၄၇ နှစ်အရွယ် သဝီးအား လူကုန်ကူးသူအဖြစ် ဖမ်းဆီးခဲ့သည်။ သဝီးကို ရှာဖွေရာတွင် ၎င်း၏လွယ်အိတ်အတွင်း၌ ‘အိုက်စ်’ ခေါ် မက်သာဖက်တမင်း (Methamphetamine) ၀ ဒသမ ၃၈၅ ဂရမ်နှင့် မက်သာဖက်တမင်းဆေးပြား ၂ ပြားကို တွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါးမှုဖြင့်ပါ အပိုဆောင်းစွဲချက်တင်ခဲ့သည်။
သဝီး၏ ဦးဆောင်မှုအောက် နယ်စပ်ကို တရားမဝင် ဖြတ်ကျော်သူများ ၁၈ ဦးတွင် ထိုင်းလူမျိုး ၁၅ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်သည်။
ထိုသူများကို စစ်ဆေးမေးမြန်းရာတွင် ထိုင်းနိုင်ငံသား ၁၅ ဦးသည် တရားမဝင် အလုပ်အမျိုးမျိုးလုပ်ကိုင်ရန် ကမ္ဘောဒီးယားသို့ နယ်စပ်ဖြတ်ကျော်ဖို့ ရည်ရွယ်ထားကြောင်း ဝန်ခံခဲ့ကြသည်။ အများစုမှာ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များတွင် အလုပ်လုပ်ရန် ရည်မှန်းထားကြပြီး၊ အချို့ကမူ ဘဏ်အကောင့်ဖွင့်ရန်နှင့် မျက်နှာစကန်ဖတ်ရန်အတွက် စည်းရုံးခံခဲ့ရကာ နယ်စပ်ဖြတ်ကျော်ကြေး ပေးစရာမလိုဟုဆိုသည်ကို တွေ့ရှိရသည်၊ ၎င်းသည် တရားမဝင် စည်းရုံးမှုပုံစံသစ်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံသား ၃ ဦးမှာမူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးဖြစ်ပြီး ထိုင်းနိုင်ငံရှိ အပ်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ရန် သွားလိုကြောင်း ထွက်ဆိုခဲ့သည်။ ၎င်းတို့သည် မြန်မာအေးဂျင့်တစ်ဦးအား တစ်ဦးလျှင် မြန်မာငွေ ၂၅၀,၀၀၀ ကျပ်၊ သို့မဟုတ် ထိုင်းဘတ်ငွေ ၃,၉၅၆ ဘတ်ခန့် ပေးချေခဲ့ကြသော်လည်း တရားမဝင် ဝင်ရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးသူအရာရှိများသည် ဖမ်းဆီးရမိသူ ၁၉ ဦးလုံးကို ထပ်မံစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်နှင့် ဖမ်းဆီးမှုမှတ်တမ်းတင်ရန် ခေါ်ဆောင်သွားခဲ့ကာ လူကုန်ကူးမှုကွန်ရက်ကို ဆက်လက်စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဆကဲယိုပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ခလောင်နမ်ဆိုင်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
Ref, Khaosod
