◾ သမ္မတ ထရမ့်ပ်က Fox News နှင့် တွေ့ဆုံမေးမြန်းရာမှာ ဆိုရော့စ်ကို တရားမဝင်လုပ်ငန်းနဲ့ အသက်မွေးမှုအတွက် စုံစမ်းစစ်ဆေးသင့်ဟု ပြောကြား
၂၈.၉.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု တစ်ဝန်းမှာရှိတဲ့ အမေရိကန်အစိုးရရှေ့နေရုံးတွေက အစိုးရရှေ့နေတွေဟာ ဘီလျံနာ ဒီမိုကရက်တစ်အလှူရှင်ဖြစ်တဲ့ ဂျော့ဂျ်ဆိုးရော့စ် တည်ထောင်ထားတဲ့ ငွေကြေးထောက်ပံ့ရေးအဖွဲ့ဖြစ်တဲ့ Open Society Foundations ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်သွားကြဖို့ အစိုးရ တရားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေထံမှ ညွှန်ကြားချက်တစ်ရပ်ကို စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း လက်ခံရရှိခဲ့တယ်လို့ သတင်းဌာန အများအပြားက အတည်ပြုဖော်ပြခဲ့ကြပါတယ်။
ဒီညွှန်ကြားချက်ကို လက်ထောက်ရှေ့နေချုပ် တော့ဒ်ဘလန့်ရှ်ရဲ့ရုံးမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ အာကာ့ရှ် ဆင်း ထံကနေ အနည်းဆုံးပြည်နယ်ခုနစ်ခုရှိ အမေရိကန်ရှေ့နေရုံးတွေကို ပေးပို့ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီပြည်နယ်တွေမှာ ကယ်လီဖိုးနီးယား၊ နယူးယော့ခ်၊ အီလီနွိုက်၊ မီရှီဂန် နဲ့မေရီလန်းတို့ ပါဝင်တယ်လို့လည်း သိရပါတယ်။
The New York Times သတင်းစာက Singh ရဲ့ညွှန်ကြားချက်နဲ့ ပတ်သက်လို့ ပထမဆုံး သတင်းတင်ပြခဲ့တဲ့ သတင်းစာဖြစ်ပါတယ်။
Open Society Foundations ရဲ့ လုပ်ဆောင်မှုတွေ ဖြစ်တဲ့ ပစ္စည်းထောက်ပံ့မှုမှနေ အကြမ်းဖက်မှု၊ မီးရှို့မှု၊ အီလက်ထရွန်နစ်ဆက်သွယ်ရေးနည်းလမ်းတွေကိုအသုံးပြုကာ တစ်စုံတစ်ဦးကို ရည်ရွယ်ချက် ရှိရှိ လိမ်လည်လှည့်ဖြားမှုနဲ့ တရားမဝင်လုပ်ငန်းနဲ့အသက်မွေးမှု စတာတွေအထိ စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်သွားရမှာဖြစ်သလို ပြုလုပ်နိုင်ဖို့ အလားအလာရှိတဲ့ စွဲချက်တွေကိုလည်း စဉ်းစားထားကြဖို့ ထိုညွှန်ကြားချက်က ဖော်ပြခဲ့တယ် ဆိုပါတယ်။
တရားရေးဝန်ကြီးဌာနအနေနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး ရည်မှန်းချက်မှာနှစ်မြုပ်ဆောင်ရွက်မယ့် အမေရိကန်ရှေ့နေတွေနဲ့အတူ ပြည်သူတွေရဲ့ လုံခြုံစိတ်ချရမှုကို အမြဲဦးစားပေးဆောင်ရွက်မှာဖြစ်ပြီး အကြမ်းဖက်မှု ဒါမှမဟုတ် အခြားပြည်ထောင်စုအက်ဥပဒေတွေကိုချိုးဖောက်ဖို့ လျှို့ဝှက် ပူးပေါင်းကြံစည်တဲ့အဖွဲ့အစည်းတွေကို စုံစမ်းထောက်လှမ်းသွားမယ်လို့ တရားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ABC News ကို ညွှန်ကြားချက်နဲ့ ပတ်သက်လို့ ပြောခဲ့ပါတယ်။
Open Society Foundations ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ABC News ကို သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ”ကျွန်တော်တို့ဖောင်ဒေးရှင်းဟာ အကြမ်းဖက်ဝါဒကို ပြတ်ပြတ်သားသားရှုတ်ချပါတယ်။ အကြမ်းဖက်ဝါဒအတွက်လည်း ငွေကြေးမထောက်ပံ့ပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေက ငြိမ်းချမ်းပြီး တရားဥပဒေကြောင်းနဲ့ အညီဖြစ်တယ်။ ကျွန်တော်တို့ ထောက်ပံ့သူတွေဟာလည်း လူ့အခွင့်အရေးအခြေခံမူတွေကို လိုက်နာပြီး ဥပဒေနဲ့အညီ လိုက်နာဖို့ မျှော်လင့်ပါတယ်” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
“ဒီစွပ်စွဲချက်တွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေအပေါ် နိုင်ငံရေးအရ လှုံ့ဆော်တိုက်ခိုက်မှုတွေ ဖြစ်တယ်။ ဒါက အစိုးရအနေနဲ့ သူသဘောမတူတဲ့ ပြောကြားချက်တွေကို နှုတ်ပိတ်ဖို့ ရည်ရွယ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကိုလည်း ပျက်ပြားစေခဲ့ပါတယ်။ လူတချို့ရဲ့ အခွင့်အရေးတွေအပေါ် အာဏာအသုံးပြုပြီး အလွဲသုံးစားလုပ်တဲ့အခါ လူအားလုံးရဲ့ အခွင့်အရေးကို အန္တရာယ်ဖြစ်စေပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြခဲ့ပါသေးတယ်။
သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နဲ့ အိမ်ဖြူတော် အကြီးတန်း အရာရှိတွေက သူတို့ရဲ့ တောင်းဆိုချက်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ အရှိန်မြှင့်လာကြသလို ဒီညွှန်ကြားချက်က ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒါက တရားရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးဗျူရို (FBI) တို့ဟာ နိုင်ငံတစ်ဝန်း မကြာမီကဖြစ်ခဲ့တဲ့ နိုင်ငံရေး အကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေးတယ်လို့ သူတို့က ဆိုထားတဲ့ လက်ဝဲယိမ်းအဖွဲ့တွေကို ပိုမိုပြီး လိုက်လံဖမ်းဆီးနှိပ်ကွပ်နေတာလို့ ဆိုရမှာပါ။
သမ္မတဒေါ်နယ်ဒ် ထရမ့်ပ်နဲ့ ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့ နှစ်ဦးစလုံးက လက်ယာစွန်းဝါဒီ သြဇာလွှမ်းမိုးသူ ချာလီ ကာ့က် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်မှာ ဆိုးရော့စ်ကို လူသိရှင်ကြားမှတ်ချက်ပေးခဲ့ပြီး သမ္မတ ထရမ့်ပ်က Fox News နှင့် တွေ့ဆုံမေးမြန်းရာမှာ ဆိုးရော့စ်ကို တရားမဝင်လုပ်ငန်းနဲ့ အသက်မွေးမှုအတွက် စုံစမ်းစစ်ဆေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
