နေမိုး
၂၈. ၉. ၂၀၂၅
တပ်မတော်သားဟန်ဆောင်လာသည့် သာယာ၀တီ PDF များကို အသွင်ယူအကြမ်းဖက်များဟု မသိဘဲ ကြိုဆိုဧည့်ခံမိသည့် အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းရွာမှ လက်နက်မဲ့ ရာအိမ်မှူးကို သေနတ်ဖြင့် လေးချက် ပစ်သတ်လိုက်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ က ယနေ့ ၀န်ခံသည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာ ရာအိမ်မှူး ဦးမြင့်အောင်ကို သတ်ဖြတ်ရန် စက်တင်ဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ က ဦးမြင့်အောင် နေအိမ်သို့ သွားရောက်ခဲ့ရာ နေအိမ်ထဲဝင်လာသည့် PDF များအား ရာအိမ်မှူး ဦးမြင့်အောင်က တပ်မတော်သားများထင်ကာ မေးမြန်းပြီး ဧည့်ခံရန် လုပ်ဆောင်နေစဥ် PDF များက သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ ရင်ဘတ်ကို ၃ ချက်ထိမှန်၍ ဦးမြင့်အောင်မှာ နေရာတွင် သေဆုံးသွားခဲ့ရရှာသည်။
ရာအိမ်မှူး ဦးမြင့်အောင်သည် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သလို စစ်တပ်၏ အမာခံထောက်တိုင်ဖြစ်ပြီး စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံခြင်း၊ စစ်မှုထမ်းကြေး မပေးသူများအား စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သော သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အကြောင်းပြချက်ပေးထားသော်လည်း ထိုစွပ်စွဲချက်မှန်မမှန် သတ်ဖြတ်သည့် PDF များကိုယ်တိုင် သတ်သေမပြနိုင်ချေ။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
