၂၈. ၉. ၂၀၂၅
Written by Nyein Kyaw
ကာဇက်စတန်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ကာဇတ်စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်နှင့် အမျိုးသားတိုက်များသို့ သွားရောက် ကြည့်ရှုလေ့လာသည်။







ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြခဲ့ကြပြီးနောက် တာဝန်ရှိသူများက ကာဇက်စတန်နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ဆိုင်ရာများ၊ နန်းတော်အတွင်း ငြိမ်းချမ်းရေးနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ယာယီသမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်အတွင်းရှိ ကဇာတ်ရုံခန်းမကြီးနှင့် နန်းတော်အတွင်း လှည့်လည်ကြည့်ရှုကြလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
အဆိုပါ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးနန်းတော်သည် ပိရမစ်ပုံစံ ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားသည့် ခေတ်မီအဆောက်အအုံ တစ်ခုဖြစ်ကာ စုစုပေါင်း ဧရိယာစတုန်းပေ ၃၀၀,၀၀၀ (စတုရန်းမီတာ ၂၈,၀၀၀) ကျယ်ဝန်းပြီး ၆၂ မီတာ (၂၀၃ ပေ)မြင့်သော ခမ်းနားထည်ဝါသည့် အဆောက်အအုံတစ်ခုဖြစ်ကြောင်း၊ ဘာသာရေးအခမ်းအနားများအပြင် ဖျော်ဖြေပွဲများ၊ ရုပ်ရှင်ပွဲတော်များနှင့် အမျိုးသားရေး ညီလာခံအခမ်းအနားများ ကျင်းပရာ အဆောက်အအုံတစ်ခုလည်းဖြစ်ပြီး ကာဇက်စတန်နိုင်ငံအတွက် အရေးပါသောနေရာတစ်ခုဖြစ်ကြောင်း သိရသည်။







ယင်းနောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက်မှ အထွေထွေရေးရာ ဒုတိယညွှန်ကြားရေးမှူး Mr. Sairan T Temirgalievich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် အမျိုးသားပြတိုက်အတွင်း လှည့်လည်၍ ကာဇက်စတန်လူမျိုးနှင့် နိုင်ငံ၏ သမိုင်းကြောင်း နောက်ခံအကြောင်းအရာများ၊ အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများ ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာဆိုင်ရာများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများအပေါ် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
အဆိုပါ ကာဇက်စတန်နိုင်ငံအမျိုးသားပြတိုက်သည် အာရှအလယ်ပိုင်းတွင် အကြီးမားဆုံးနှင့် အဆန်းသစ်ဆုံးပြတိုက်တစ်ခုဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြတိုက်တွင် ခန်းမ ၁၁ ခုပါဝင်ပြီး အဆိုပါ ခန်းမများတွင် ယခင်ခေတ်မှ ယခုအချိန်ထိ ဖြစ်ပေါ်ခဲ့သော ကာဇက်စတန်နိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများစွာကို ပုံဖော်ပြသထားသည်။
အမျိုးသားပြတိုက်အား အပတ်စဉ် တနင်္လာနေ့တိုင်းပိတ်၍ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားရှိကြောင်း၊ လာရောက်လေ့လာကြသူများအနေဖြင့် ကာဇက်စတန်နိုင်ငံ ၏ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကို သိရှိနိုင်ရန်အတွက် ကာဇက်စတန်ဘာသာ စကား၊ ရုရှားဘာသာစကားနှင့် အင်္ဂလိပ် ဘာသာစကားများဖြင့် ရေးသားဖော်ပြထားကြောင်း သိရသည်။
ပြတိုက်အတွင်း ပြကွက်တစ်ခုချင်းစီအလိုက် လေ့လာကြည့်ရှုမှုအပြီးတွင် အက်စတာနာမြို့ဆိုင်ရာပြခန်း၌ မြို့ပြစီမံအုပ်ချုပ်ရေးအဖွဲ့မှ Mr. Smogulov Nurasyl က ယခင်က မြို့တော်ဖြစ်သည့် အာမာတီမြို့မှ ယခု အက်စတာနာမြို့သို့ မြို့ပြအခြေခံအကွက်ချပုံ စနစ်တကျရေးဆွဲ၍ ၂၀၀၀ ခုနှစ်က စတင်ပြီး တည်ဆောက်ခဲ့မှု၊ စတင်ဆောင်ရွက်ခဲ့စဉ်က လူဦးရေ ၈ သိန်းခန့်အထိ နေထိုင်နိုင်ရေး အခြေခံအဆောက်အဦများ၊ လမ်းပန်းဆက်သွယ်မှုများနှင့် အခြားလိုအပ်ချက်များကို ထည့်သွင်းတွက်ချက် ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် တိုးတက်လာသော လူဦးရေနှင့်အညီ ထပ်မံတိုး ချဲ့ဆောင်ရွက်လျက်ရှိမှု၊ ခေတ်မီနည်းစနစ်များဖြင့် မြို့ပြအား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။
