၂၈. ၉. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့ရှိ ကာဇက်စတန်နိုင်ငံ၏ ပထမဆုံးသမ္မတကိုယ်တိုင် လက်ကိုင်ပုဝါပေါ်တွင် ဒီဇိုင်းရေးဆွဲခဲ့သော Baiterek သမိုင်းဝင်အထိမ်းအမှတ်အဆောက်အဦ လေ့လာရေးမျှော်စင်နှင့် အက်စတာနာမြို့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ စက်တင်ဘာ ၂၇ ရက် (ယမန်နေ့) ညပိုင်းတွင် သွားရောက်ကြည့်ရှု့လေ့လာခဲ့သည်။





ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် Baiterek သမိုင်းဝင်အထိမ်းအမှတ် အဆောက်အဦနှင့် လေ့လာရေးမျှော်စင်၊ အက်စတာနာမြို့ မြို့ပြဖွံဖြိုးတိုးတက်မှုများအား ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ယာယီသမ္မတမှ ပြန်လည်မေးမြန်း ဆွေးနွေးပြီးနောက် အက်စတာနာမြို့ မြို့ပြဖွံဖြိုးတိုးတက်မှုများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
အဆိုပါ Baiterek သမိုင်းဝင်အထိမ်းအမှတ် အဆောက်အဦနှင့် လေ့လာရေးမျှော်စင်သည် ၁၉၉၇ ခုနှစ်တွင် ကာဇက်စတန်၏မြို့တော် အက်စတာနာသို့ ပြောင်းရွှေ့မှုအဖြစ် သင်္ကေတပြုသော သမိုင်းဝင်အဆောက်အဦဖြစ်ကြောင်း သိရသည်။
ကာဇက်စတန်နိုင်ငံ၏ သင်္ကေတနှင့် ခေတ်သစ်ဗိသုကာလက်ရာ၏ ထင်ရှားသော မှတ်တိုင်နေရာတစ်ခုဖြစ်သလို ကာဇက်စတန်လူမျိုးများ၏ ဘဝသစ်စတင်ရာ နေရာတစ်ခုဖြစ်သည့်အပြင် အဆိုပါ Baiterek ၏ ဒီဇိုင်းပုံကြမ်းကို ကာဇက်စတန်နိုင်ငံ၏ ပထမဆုံးသမ္မတ Mr. Nursultan Nazarbayev မှ လေယာဉ်ပျံသန်းနေသည့်အချိန် လက်ကိုင်ပဝါပေါ်တွင် ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ လက်ကိုင်ပုဝါကို ပထမဆုံးသမ္မတပြတိုက်တွင် သမိုင်းဝင်အမွေအနှစ်အဖြစ်လည်း သိမ်းဆည်းထားသည်။
ကာဇက်စတန်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်နိုင်ငံသို့ စက်တင်ဘာ ၂၇ ရက်(ယမန်နေ့) နေ့လယ်ပိုင်းတွင်တရားဝင်အလုပ်သဘောခရီး ရောက်ရှိနေခြင်းဖြစ်သည်။
