၂၇.၉.၂၀၂၅
Written by Hey Mar
မနေ့က စက်တင်ဘာ ၂၆ ရက်နေ့ ညနေစောင်းက နေပြည်တော်မှာ ရွာသွန်းခဲ့တဲ့ မိုးရေချိန်ကြောင့် တောင်ကျချောင်းရေ ရုတ်တရက် အရှိန်နဲ့ထိုးဆင်းလို့ ပျဉ်းမနားတစ်ဝိုက်က ရွာခြေတချို့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး အခု စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာတော့ ရေကြီးမှုနောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုတွေအပြင် သောက်သုံးရေ အရေးပေါ်လိုအပ်နေတယ်လို့ နေပြည်တော် ခေါမတောင်အခြေစိုက် လူမှုကရုဏာရှင်ပရဟိတ အသင်းထံကနေ သိရပါတယ်။
ဇီးရိုင်းချောင်းရေလျှံပြီး တောင်ခြေနဲ့ အနီးဆုံးဖြစ်တဲ့ ပျဉ်းမနားမြို့၊ ကူးတို့ဆိပ်ကျေးရွာအုပ်စုထဲက ကြို့တန်း၊ အင်းသာနဲ့ သာယာကုန်းရွာ သုံးရွာမှာ ရေဘေးဒဏ် ခံစားခဲ့ရပြီး ကြို့တန်းကျေးရွာကတော့ ရွာလုံးကျွတ်ထိခိုက်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
“မနှစ်ကလို ရွာတွေ အိမ်တွေ ပျက်စီးတဲ့အထိ မဟုတ်ပေမယ့် ရွာလယ် လမ်းကြီးမှာ ချောင်းရေလျှံလို့ တင်ကျန်ခဲ့တဲ့ နုန်းက ခြေသလုံးအလယ်နား၊ တချို့နေရာ ဒူးနား အဲ့ဒီလို တင်ကျန်ခဲ့ပါတယ်။ ရေတိုက်စားသွားလို့ ရွာနောက်ဖက်လမ်းဆို ရေမြောင်းကြီး ဖြစ်သွားတယ်။ လယ်တွေ၊ ယာတွေလည်း ပျက်သွားတယ်။ လူနဲ့ တိရိစ္ဆာန်တော့ ထိခိုက်မှု မရှိခဲ့ပါဘူး” လို့ ဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။
ကြို့တန်းရွာက အိမ်ခြေ ၂၁၀ နဲ့ လူဦးရေ ၉၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။ တောင်ကျရေကြောင့် ပျက်စီးဆုံးရှုံးမှုများသွားတဲ့ ရွာလယ်လမ်းမကြီးမှာ ဆိုင်ကယ်ကအစ သွားလာလို့မရတော့ဘဲ လက်ရှိ သောက်ရေလိုအပ်နေတဲ့တွက် ရေသန့်အကူအညီ ပေးနိုင်ဖို့နဲ့ ရှင်းလင်းရေးကိစ္စတွေကိုလည်း လူမှုကရုဏာရှင် ပရဟိတအသင်းနဲ့ မိတ်ဖက်အသင်းတွေ ဦးဆောင် ကူညီနေတယ်လို့ သိရပါတယ်။








