၂၇. ၉. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးအတွင်းဝန် Mr. Rajesh Kumar Singh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးများ ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုဖြင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူးနှင့် အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
