၂၇. ၉. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံအလယ်ပိုင်း ဖတ်ချဘွန်းမြို့က ရွာသားတစ်ဦးဟာ ရှားပါးတဲ့ ရွှေရောင်အမှတ်အသားပါတဲ့ ငါးရှဉ့်ဖြူ တစ်ကောင်ကို တွေ့ရှိခဲ့ပြီးနောက် ဒေသခံတွေအကြား ထီကံစမ်းမဲရူးသွပ်မှု ကို ဖြစ်ပေါ်စေခဲ့ပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့မှာ အဆိုပါ ထူးခြားတဲ့ ငါးရှဉ့်ကို ပြသထားတဲ့ ဗီဒီယိုကလစ်တစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားပြီးနောက် ဒီဖြစ်စဉ် စတင်ခဲ့တာပါ။ ဝိချီယန်ဘူရီခရိုင်၊ ဖူတွေးရွာသား အမ်နတ် ဖိုနော့ ဆိုသူက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ငါးရှဉ့်ရဲ့ ထူးခြားတဲ့ ရွှေရောင်အစက်အပြောက်တွေဟာ ခေါင်းနဲ့ ဝမ်းဗိုက်အောက်မှာ တလက်လက်တောက်ပနေတာကို ပြသထားပါတယ်။ ဒီဗီဒီယိုကလစ်ဟာ လျင်မြန်စွာ လူသိများလာပြီး ထီကစားလိုသူတွေဟာ ဒီအမှတ်အသားတွေကို ကံကောင်းခြင်းလက္ခဏာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါတယ်။
အချို့က ငါးရှဉ့်ဟာ ၈၁ ဂဏန်းကို ကိုယ်စားပြုတယ်လို့ ပြောဆိုနေကြချိန်မှာ တချို့ကတော့ ပိုပြီးရှင်းလင်းတဲ့ ပုံစံဟာ ၇၅၃ လို့ ဖတ်ရတယ်လို့ ယုံကြည်နေကြပြီး အဆိုပါ နံပါတ်ကို အောက်တိုဘာ ၁ ရက်မှာ ထွက်မယ့် နိုင်ငံတော်ထီအတွက် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြပါတယ်။
နောက်ပိုင်း သတင်းထောက်တွေနဲ့ စကားပြောခဲ့တဲ့ အမ်နတ်က ဒီငါးရှဉ့်ကို အနီးနားရှိ တူးမြောင်းတစ်ခုက ဒေသခံ တံငါသည်တစ်ဦးက မူလက ဖမ်းမိခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။ ငါးရှဉ့်ရဲ့ ရှားပါးသောအသွင်အပြင်နဲ့ လူပြောများမှုကို စွဲမက်ပြီး ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် အမ်နတ်က အဆိုပါငါးရှဉ့်ကို ဝယ်ယူခဲ့တာပါ။
“ဒီလိုငါးရှဉ့်မျိုး တစ်ခါမှ မမြင်ဖူးဘူး။ သူ့မှာ ထူးခြားတဲ့အရာတစ်ခု ရှိတယ်” လို့ သူက ပြောပါတယ်။
သူဟာ အခုအခါ ငါးရှဉ့်ကို အိမ်က ငါးကန်ထဲမှာ ထားရှိပြီး စပ်စုတဲ့အိမ်နီးနားချင်းတွေ နဲ့ ကံစမ်းလိုသူတွေက ဆက်လက် လာရောက်လည်ပတ်နေကြကာ အနိုင်ရနိုင်တဲ့ နံပါတ်ပေါင်းစပ်မှုတွေကို အရိပ်အမြွက်ရှာဖွေဖို့အတွက် ၎င်းရဲ့ ထူးခြားတဲ့ ပုံစံတွေကို လေ့လာနေကြတယ်လို့ KhaoSod သတင်းစာက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ ဒီလို သဘာဝရဲ့ ထူးခြားဆန်းကြယ်မှုတွေဟာ မကြာခဏဆိုသလို ဘာသာရေး ဒါမှမဟုတ် အယူသီးမှုဆိုင်ရာ အာရုံစိုက်မှုတွေ ဖြစ်လာလေ့ရှိပါတယ်။ ထူးခြားတဲ့ တိရစ္ဆာန်တွေ၊ အထူးသဖြင့် ရှားပါးတဲ့ အရောင်အသွေး ဒါမှမဟုတ် အမှတ်အသားတွေပါတဲ့ တိရစ္ဆာန်တွေကို နိမိတ်အဖြစ် သဘောထားလေ့ရှိပြီး ဘုရားပေးတဲ့ ဉာဏ်ပညာကို မျှော်လင့်ရင်း ရွာသားတွေဟာ သူတို့ကို အုံလိုက်ကျင်းလိုက် လာရောက်ကြည့်ရှုကြပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ ထီထွက်မယ့်ရက် နီးလာတာနဲ့အမျှ “ကံကောင်းခြင်းငါးရှဉ့်” အပေါ် စိတ်အားထက်သန်မှုက လျော့ကျသွားမယ့် အရိပ်အယောင် မရှိပါဘူး။ အမ်နတ်ကတော့ ဒီစိတ်လှုပ်ရှားမှုကို ရိုးရိုးရှင်းရှင်း ခံစားနေပြီး သူက ၈၁ ဒါမှမဟုတ် ၇၅၃ ပါဝင်တဲ့နံပါတ်တွေကို ကံစမ်းလို့ ပြီးစီးထားပြီးသားလို့ ပြောပါတယ်။
ရွှေရောင်အမှတ်အသားတွေဟာ လောကီထက်သာတဲ့ ကံကောင်းခြင်းလား၊ ဒါမှမဟုတ် စိတ်အားထက်သန်တဲ့ စိတ်ကူးစိတ်သန်းတွေကနေ ဖြစ်ပေါ်လာတာလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမဲ့ ဖူတွေးမှာတော့ ဒီချောမွေ့တဲ့ “ကံကောင်းခြင်းငါးရှဉ့်” လေးဟာ မြို့သူမြို့သားတွေကြားမှာ ပြောစရာဖြစ်နေပြီဆိုတာတော့ သေချာပါတယ်။
Ref. The Thaiger
