MT News
၂၅. ၉. ၂၀၂၅
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရာတွင် မှားယွင်းစုဆောင်းမိသူများ၊ တပ်သားသစ်စုဆောင်းရေးတပ်များက စုဆောင်းရရှိသည့် တပ်သားသစ်များနှင့် ပြည်သူစစ်မှုထမ်းများမှ ငယ်ရွယ်သူများ စုစုပေါင်း ၁၁၅၂ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံနိုင်ခဲ့သည်ဟု စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၂/၂၀၂၅) တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို ၅-၁-၂၀၀၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်များအား အတင်းအကျပ် တပ်သားသစ်အဖြစ် စုဆောင်းခြင်းမပြုရန်၊ ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် စသည့် ကော်မတီ၏ ရည်ရွယ်ချက် ၃ ရပ်ဖြင့် တပ်မတော်အတွင်း အသက် ၁၈ နှစ်မပြည့်သူများ စစ်မှုထမ်းဆောင်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူပင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း) ပါဝင်နေခြင်းကို စာရင်းမှပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း စီမံချက်(Plan of Action) ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီးကော်မတီနှင့် CTFMR တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၂၇ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ကော်မတီနှင့် CTFMR တို့အကြား Plan of Action သည် အသက်ဝင်ခြင်း မရှိတော့သော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကို ရှေးရှုလျက် မိမိတို့ လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်သားသစ် စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ သဘောတူသတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း အလေးထားလိုက်ပါ စုဆောင်းလျက်ရှိကြောင်း၊ အသိပညာပေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိပြီး ကော်မတီ၏ ရည်မှန်းချက်အတိုင်း တပ်မတော်အတွင်း ကလေးစစ်သားအသုံးပြုမှုမရှိစေရေး တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပကြောင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို CTFMR သို့ အသိပေး အကြောင်းကြားလျက်ရှိကြောင်း ပြောကြားသည်။
ထို့အပြင် Plan of Action လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် အမြဲတမ်းစစ်မှုထမ်း ၁၁၅၂ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း တပ်သားသစ်စုဆောင်းရေးတပ်များတွင် စုဆောင်းရရှိသည့် တပ်သားသစ်များထဲမှ ငယ်ရုပ်မပျောက်သေးသူ၊ အသက်မပြည့်သေးသူဟု သံသယရှိသူများကို စိစစ်ရေးဘုတ်အဖွဲ့ဖြင့် စစ်ဆေးခြင်း၊ အရိုးဓာတ်မှန်ဖြင့် ရိုက်ကူး၍ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ အသက်မပြည့်၍ ပြန်လည်စေလွှတ်ပေး ခဲ့သူ တပ်သားသစ်များရှိကြောင်း၊ ထို့အပြင် ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က စတင်အကောင်အထည်ဖော်၍ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ခဲ့ကြောင်း၊ ယင်းဆင့်ခေါ်ခဲ့ သူများထဲမှ အသက်ငယ်ရွယ်ကြောင်း စိစစ်တွေ့ရှိသူများကိုလည်း ပြန်လည်စေလွှတ်ပေးနိုင်ခဲ့ ကြောင်း၊ အရွယ်မရောက်သေးသူများကို မှားယွင်းစု ဆောင်းခဲ့သူ၊ မှားယွင်းဆင့်ခေါ်ခဲ့သူများကိုလည်း အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဆက်လက်ပြောကြားသည်။
ထို့အတူ တပ်မတော်အတွင်း အသက်မပြည့်စစ်သည်များ မှားယွင်းစုဆောင်းမှုမရှိစေရေးအတွက် အသိပညာပေးမှုအနေဖြင့် စစ်ဥပဒေချုပ်ရုံး၊ တိုင်းစစ်ဌာနချုပ်များမှ ဥပဒေဘာသာရပ်ဆိုင်ရာ အရာရှိကြီး/အရာရှိများက တပ်ရင်းတပ်ဖွဲ့များနှင့် တပ်မတော် သင်တန်းကျောင်းများရှိ တပ်မတော်သားများအား ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စုစုပေါင်း အကြိမ် ၂၇၂၀ ဆွေးနွေးပို့ချနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
အထက်ပါအချက်များအပြင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းရန် ဝင်ရောက်ခြင်းမရှိစေရေးနှင့် မှားယွင်း စုဆောင်းမှုမျိုးမရှိစေရေး ကဏ္ဍအလိုက် တာဝန် ရှိသူများက စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်သွားစေလိုကြောင်းပါ မှာကြားခဲ့ကြောင်း သိရသည်။
