၂၆. ၉. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားနှင့် ၎င်း၏ လက်နက်အစီအစဉ်များအတွက် ငွေကြေးရှာဖွေပေးသူတစ်ဦးနှင့် အဖွဲ့အစည်း (၅) ခု ကို ကြာသပတေးနေ့တွင် ပိတ်ဆို့အရေးယူလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “ဤလုပ်ဆောင်ချက်၏ ရည်ရွယ်ချက်မှာ အဆိုပါတိုက်ခိုက်မှုများကို လွယ်ကူချောမွေ့စေသည့် တရားမဝင်ကွန်ရက်များကို ဖျက်ဆီးရန်နှင့် တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား (DPRK) ၏ တရားမဝင် အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက် (WMD) နှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များအတွက် ငွေကြေးထောက်ပံ့မှုကို ဖြတ်တောက်ရန်ဖြစ်သည်” ဟု ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် အမည်ပျက်စာရင်းသွင်းခံရသူများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာထိန်းသိမ်းမှုနောက်ပိုင်း တော်လှန်ပုန်ကန်သူများကို တုံ့ပြန်တိုက်ခိုက်နေသည့် မြန်မာ့စစ်အစိုးရနှင့် လက်နက်အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် ပြုံယမ်းအတွက် ဝင်ငွေများ ရှာဖွေပေးခဲ့ကြောင်း စွပ်စွဲခဲ့သည်။
ပိတ်ဆို့ခံရသူများတွင် မြန်မာအခြေစိုက် Royal Shune Lei Co. Limited နှင့် အဓိကပုဂ္ဂိုလ်များဖြစ်သော ဦးကျော်သူမျိုးမြင့်နှင့် ဦးတင်မျိုးအောင်တို့သည် Korean Mining Development Trading Co. (KOMID) ၏ ပေကျင်းအခြေစိုက် ဒုတိယကိုယ်စားလှယ် Kim Jong Ju နှင့်အတူ မြန်မာ့လေတပ်အတွက် လက်နက်အရောင်းအဝယ်များကို ကူညီဆောင်ရွက်ပေးခဲ့သဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနကမူ “221 General Bureau ဟုလည်း သိကြသော KOMID သည် DPRK ၏ အဓိကလက်နက်ရောင်းချသူနှင့် ပဲ့ထိန်းဒုံးကျည်ဆိုင်ရာ ကိရိယာများ တင်ပို့သူအဖြစ် ဆောင်ရွက်သည်” ဟု ဆိုသည်။
ပိတ်ဆို့အရေးယူမှုများတွင် Royal Shune Lei ၏ ဒါရိုက်တာ ဦးအောင်ကိုကိုဦးကိုလည်း ထည့်သွင်းထားသည်။ ထိုအပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့တောင်အာရှရှိ စီးပွားရေးလုပ်ငန်း ကွန်ရက်တစ်ခုမှတစ်ဆင့် နိုင်ငံခြားဝင်ငွေများကို ငွေဖြူလုပ်ကာ ငွေကြေးခဝါချခဲ့သော မြောက်ကိုရီးယားနိုင်ငံသား Nam Chol Ung ကိုလည်း အမည်တပ် စွပ်စွဲခဲ့သည်။ Nam သည် ပြုံယမ်း၏ ထောက်လှမ်းရေး အထွေထွေဗျူရို (Reconnaissance General Bureau) ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “ဤလုပ်ဆောင်ချက်များသည် DPRK ၏ တည်ငြိမ်မှုပျက်ပြားစေသော လုပ်ဆောင်မှုများကို ထောက်ပံ့ပေးသည့် ကွန်ရက်များကို ဖြိုခွင်းရန်နှင့် မြန်မာအစိုးရကို အားပေးသူများအား တာဝန်ခံမှု မြှင့်တင်ရန် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို မီးမောင်းထိုးပြသည်” ဟု ဖော်ပြထားသည်။
Ref, UPI
