၂၆.၉.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံရဲ့ လေတပ်မှာ ဆယ်စုနှစ်အတန်ကြာ အသုံးပြုလာခဲ့ပြီး အနားပေးတော့မှာဖြစ်တဲ့ ရုရှားလုပ် MiG-21 တိုက်လေယာဉ်တွေနေရာမှာ အစားထိုးဖို့ ပြည်တွင်းမှာပဲ ပုံစံရေးဆွဲတည်ဆောက်တဲ့ အမေရိကန်ဒေါ်လာ ၇ ဘီလျံတန် Tejas တိုက်လေယာဉ်တွေဝယ်ယူဖို့ စက်တင်ဘာလ ၂၅ ရက်က လက်မှတ်ထိုးခဲ့တယ်လို့ သိရပါတယ်။
ဟိန္ဒှီဘာသာအရ ‘ထူးချွန်ထက်မြက်မှု’လို့ အဓိပ္ပာယ်ရတဲ့ Tejas တိုက်လေယာဉ်တွေကို ၂၀၁၆ ခုနှစ်မှာ စတင် တပ်တော်ဝင်ခဲ့တာလို့သိရပါတယ်။ Tejas တိုက်လေယာဉ်တွေမှာ စတုတ္ထမျိုးဆက် မျိုးကွဲဖြစ်တဲ့ Mk-1A တိုက်လေယာဉ်တွေကို နောက်ဆုံးတပ်တော်ဝင်ခဲ့တာဖြစ်ပါတယ်။


ကမ္ဘာ့အကြီးမားဆုံးလက်နက်တင်သွင်းတဲ့နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက သူ့ရဲ့တပ်ဖွဲ့တွေကို ခေတ်မီရေးအတွက် ထိပ်တန်းဦးစားပေးအနေနဲ့ လုပ်ဆောင်ခဲ့ပြီး ပြည်တွင်းလက်နက်ထုတ်လုပ်မှုကို မြှင့်တင်ဖို့လည်း ထပ်ခါတလဲလဲ တွန်းအားပေးခဲ့ပါတယ်။
တိုက်လေယာဉ် ၆၈ စင်းနဲ့ နှစ်ယောက်စီးတိုက်လေယာဉ် ၂၉ စင်းအပါအဝင် အပေါ့စား တိုက်ခိုက်ရေးလေယာဉ်တွေဖြစ်တဲ့ Mk1A ၉၇ စင်း ဝယ်ယူရေးအတွက် Hindustan Aeronautics Limited (HAL) နှင့် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ HAL က နိုင်ငံပိုင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူလည်းဖြစ်ပါတယ်။
“ဒီလေယာဉ်တွေကို ၂၀၂၇-၂၈ ခုနှစ်အတွင်းမှာစလို့ ခြောက်နှစ်တာကာလအတွင်း ပေးပို့မှာဖြစ်ပါတယ်” လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
အိန္ဒိယအစိုးရက နိုင်ငံအများအပြား အထူးသဖြင့် အိမ်နီးချင်းပါကစ္စတန်နိုင်ငံရဲ့ သူ့အပေါ် ခြိမ်းခြောက်မှုကို စောင့်ကြည့်နေတာပါ။ သူတို့နှစ်နိုင်ငံအကြား အဆိုးဝါးဆုံးလို့လည်း ဆိုရမယ့် လေးရက်ကြာစစ်ပွဲတစ်ရပ် မေလအတွင်းက ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီစစ်ပွဲမှာ နှစ်ဖက်စလုံးက သူတို့ကအနိုင်ရပြီး တစ်ဖက်ရန်သူရဲ့ တိုက်လေယာဉ်တွေကို ပစ်ချနိုင်ခဲ့တယ်လို့ ဝါကြွားခဲ့ကြတာပါ။
ကာကွယ်ရေးဝန်ကြီးဌာနက Tejas ဂျက်တိုက်လေယာဉ်သစ်ဟာ “ပြည်တွင်းမှာ ပုံစံရေးဆွဲ ထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေအထဲမှာ အဆင့်မြင့်ဆုံး အမျိုးအစား” အဖြစ် သုံးသပ်ခဲ့ပါတယ်။ လေယာဉ်က လေတပ်အတွက် အားကောင်းတဲ့ နည်းပညာပလက်ဖောင်းတစ်ခု ဖြစ်လာမယ်လို့လည်း ဝန်ကြီးဌာနက ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။
အိန္ဒိယလေတပ်က သူတို့ရဲ့ ဆိုဗီယက်ခေတ်ကထုတ်လုပ်ခဲ့တဲ့ MiG-21 တိုက်လေယာဉ်တွေရဲ့ နောက်ဆုံးအနေနဲ့ စွမ်းရည်ပြသပျံသန်းမှုအခမ်းအနားကို ချန်ဒီဂါ့မြို့ ရှိ အဓိကလေတပ်အခြေစိုက်စခန်းမှာ စက်တင်ဘာလ ၂၆ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီလေယာဉ်တွေကို အိန္ဒိယလေတပ်က ၁၉၆၀ ပြည့်လွန်နှစ်တွေထဲက စတင်အသုံးပြုခဲ့တာပါ။
အိန္ဒိယက ပြင်သစ်နိုင်ငံ Dassault Aviation ကုမ္ပဏီက ထုတ်လုပ်တဲ့ Rafale ဂျက်တိုက်လေယာဉ် ၂၆ စင်း ဝယ်ယူဖို့ ဒေါ်လာဘီလျံများစွာ တန်ကြေးရှိတဲ့ အရောင်းအဝယ်သဘောတူညီချက်ကိုလည်း ဧပြီလက လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ သူတို့က အိန္ဒိယလေတပ်မှာ နဂို ဝယ်ယူပြီးဖြစ်တဲ့ Rafale တိုက်လေယာဉ် ၃၆ စင်း နဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။
ဩဂုတ်လတုံးကလည်း ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာ့သ်ဆင်းက အိန္ဒိယဟာ နိုင်ငံအတွင်း တိုက်လေယာဉ် အင်ဂျင်တွေ တီထွင်ထုတ်လုပ်ဖို့ ပြင်သစ်ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါသေးတယ်။
အခုဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံဟာ ကျယ်ပြန့်တဲ့ ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံကို ဖွင့်လှစ်ခဲ့ပြီး သူ့ရဲ့ ပထမဆုံးပြည်တွင်းမှာ တည်ဆောက်ခဲ့တဲ့ လေယာဉ်တင်သင်္ဘော၊ စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကို ရေချခဲ့တဲ့အပြင် တာဝေးပစ် ဟိုက်ပါဆိုနစ် ဒုံးကျည်စမ်းသပ်မှုပါ အောင်မြင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက အကွာအဝေး ကီလိုမီတာ ၂,၀၀၀ (၁,၂၄၂ မိုင်) အကွာအဝေးရှိပစ်မှတ်ကို ပစ်နိုင်တဲ့ အက်ဂ်နီ-ပရိုမ်း Agni-Prime ဒုံးကျည်ကို စက်တင်ဘာလ ၂၄ ရက်ကနောက်ဆုံးစမ်းသပ်ခဲ့ပါတယ်။
Ref- SCMP
