၂၆. ၉. ၂၀၂၅
Written by Nyein Kyaw
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့် တိုက် ၅ လုံးနှင့် ပြန်လည်သိမ်းဆည်းထားသည့် အခန်းများအတွက် မဲနှိုက်ခွင့်ရှိသူများစာရင်းကို ယနေ့ ကြေညာမည်ဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်(မနက်ဖြန်) နံနက် ၉ နာရီခွဲတွင် မဲနှိုက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးကြေညာထားသည်။
မဲနှိုက်ခွင့်ရရှိသူများကို ဖုန်းဆက်အကြောင်းကြားပေးနေပြီး မဲနှိုက်ခွင့်ရရှိသူများစာရင်းကို စက်တင်ဘာ ၂၆ ရက် (ယနေ့)တွင် သင်္ဃန်းကျွန်း၊ ကမာရွတ်၊ ဗဟန်း၊ ကျောက်တံတား၊ ဒဂုံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့် တိုက် ၅ လုံးအတွက်ကိုမူ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ ဗဟန်း၊ ကျောက်တံတား၊ ဒဂုံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များမှ လျှောက်လွှာတင်ထားသူများအနက်မှ တန်းစီဇယားအစဉ်လိုက်နှင့် ပညာရေးဝန်ထမ်းများအနက်မှ မဲနှိုက်ခွင့်ရှိသူများကို ဌာနမှ ဆက်သွယ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားပြီးဖြစ်သည်။
သုခဒဂုံအိမ်ရာသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်အထည်ဖော် တည်ဆောက်ထားသည့် ပြည်သူ့အငှားအိမ်ရာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ထားမှုအရ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ငါးနှစ်သာ ငှားရမ်းနေထိုင်ခွင့်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် အခန်းနေထိုင်ခွင့်ရရှိမည်ဟု လိမ်လည်မှုများနှင့် ကိုယ်တိုင်နေထိုင်ခြင်းမရှိ တစ်ဆင့်ငှားရမ်းနေထိုင်သူများ များပြားလာသည့်အတွက် ယင်းသို့ ဆောင်ရွက်သူများကို အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ နေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက အကြိမ်ကြိမ်သတိပေးထားသည်။
