၂၄. ၉. ၂၀၂၅
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week) သို့ တက်ရောက်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ ရောက်ရှိသွားပြီဖြစ်သည်။



ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်၌ ခေတ္တရပ်နားခဲ့ရာ နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန် ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံမှ အသင့်ပြင်ဆင်လာသည့် မြန်မာ့ရိုးရာ အစားအစာဖြစ်သည့် လက်ဖက်အုပ်၊ လက်ဖက်ရည်၊ အသင့်ချက်ပြုတ်လာသည့် ငါးသလောက်ပေါင်းတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မြိန်ယှက်စွာ သုံးဆောင်ခဲ့ကြပြီး ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ တွေဆုံပွဲအပြီးတွင် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့သည် လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။
ယင်းနောက် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပို့ဆောင်နှုတ်ဆက်ကြသည်။
ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ညပိုင်းတွင် မော်စကိုမြို့ရှိ ဘနူကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦး တို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြကြောင်း သိရသည်။
