၂၄.၉.၂၀၂၅
Written By Thandar
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ (World Robot Olympiad (WRO) Asia Pacific Open Championship) မှာ မြန်မာကိုယ်စားပြု We Are Genius Myanmar အသင်းက ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ ကလေးငယ်တွေ မြန်မာပြည်ကို ယနေ့ စက်တင်ဘာ ၂၄ ရက်မှာ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။




“ကျွန်တော်တို့က နိုင်ငံ ၄၀ ပါတဲ့ အာရှပြိုင်ပွဲမှာ သွားပြိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ We are Genius Myanmar အဖွဲ့က ပထမဆုရခဲ့တာပါ။ ပထမတော့ တခြားကောင်းတဲ့အသင်းတွေနိုင်မယ် ထင်ထားခဲ့တာ။ ခုတော့ ဆုရတော့ အရမ်းပျော်ပါတယ်။ တအား ပျော်တာပါ။ နောက်ဆုံးဆုကြေညာတဲ့ အချိန်မှာ မြန်မာနိုင်ငံအလံ ပေါ်လာတော့ အရမ်းပျော်လွန်းလို့ ထခုန်မိခဲ့တယ်။ သားတို့ရဲ့ အိပ်မက်ကတော့ လူတွေကို ကယ်တင်မယ့် စက်ရုပ်တွေ တီထွင်ချင်တယ်။ ဆေးရုံတွေမှာ လူတွေကို ကူညီနိုင်မယ့် စက်ရုပ်တွေလည်း တီထွင်ချင်ပါတယ်” လို့ World Robot Olympiad မှာ ပထမဆုရယူနိုင်ခဲ့တဲ့ We are Genius Myanmar အဖွဲ့က ပြောပါတယ်။
အဆိုပါပြိုင်ပွဲမှာ မြန်မာကလေးငယ် ၃ ဦးပါတဲ့ We Are Genius အဖွဲ့ဟာ အလိုအလျောက်ရှာဖွေ ကယ်ဆယ်ရေးအတွက် ဒီဇိုင်းထုတ်ထားတဲ့ AI စက်ရုပ်ကား ပရောဂျက် AI Powered Search and Rescue Robotic Car Project နဲ့ Future Innovator ပထမဆုရသွားခဲ့တာပါ။




ငလျင်ဘေးကျရောက်ချိန် AI နည်းပညာသုံး စက်ရုပ်ကားနဲ့အလိုအလျောက် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တယ်လို့ သ်ရပါတယ်။
စက်တင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိကျင်းပတဲ့ WRO Pacific Open Championship Philippines 2025 ပွဲမှာ ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအို စတဲ့ နိုင်ငံပေါင်း ၄၀ ကျော်က အသင်းပေါင်း ၁၀၈ သင်း ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်အသင်းတွေမှာတော့ Elementary အနေနဲ့ ပထမဆုကို မလေးရှားနိုင်ငံ၊ ဒုတိယဆုကို ဗီယက်နမ်နိုင်ငံ၊ တတိယဆုကို ကိုရီးယားနိုင်ငံက ရရှိခဲ့ပြီးတော့ Senior အနေနဲ့ ပထမဆုကို ဖီလစ်ပိုင်နိုင်ငံစတဲ့ Title အလိုက် ဆုတွေလည်း ပေးအပ်ခဲ့ပါတယ်။
