



၂၄.၉.၂၀၂၅
Written By Thandar
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့က ကြီးမှူးပြီး JJNCS ကုမ္ပ ဏီက ဦးဆောင်ကျင်းပမယ့် IMAKi Pride Glory Honor မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီမှာ ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံအားကစားကွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။
အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမယ့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။
” ဒီပြိုင်ပွဲလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံအများအပြားရှိတဲ့အထဲကမှ မြန်မာလူမျိုးတွေက သဘောကောင်းတယ်။ ကြင်နာတတ်တယ်။ ဖြူစင်ကြတယ်။ အဲဒီအတွက် ဒါကြောင့် မြန်မာနိုင်ငံကို ချစ်တယ်။ မြန်မာနိုင်ငံမှာ ရိုးရာလက်ဝှေ့ပွဲကို ကျင်းပဖို့ဆုံးဖြတ်ခဲ့တာပါ။ ဂျပန်နိုင်ငံမှာလည်း မြန်မာလူမျိုးအများအပြားလည်း အလုပ်တွေလုပ်ဆောင်နေကြတယ်။ ဒီအတွက် မြန်မာ့လက်ဝှေ့ပွဲကို ဂျပန်က လူတွေလည်းကြည့်ရှုနိုင်အောင် Live ပြသသွားဖို့ရှိပါတယ်”လို့ JNCS Co.Ltd ကုမ္ပဏီလီမိတက်မှ ရိုးရာလက်ဝှေ့ပြိုင်ပွဲတာဝန်ရှိသူ ပြောပါတယ်။
ဒီအခမ်းအနားမှာ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာတင်အောင်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌဦးကျော်ဝင်းထွန်း၊ ဦး၀ဏ္ဏတို့က မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲအစီအစဉ်တွေ ရှင်းလင်း ပြောခဲ့ပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှာ လေးချီစိန်ခေါ်ပွဲ၊ ငါးချီစိန်ခေါ်ပွဲတွေပါဝင်ပြီး အဓိကခေါင်တွဲဆိုင်းအနေနဲ့ ရာမန်နဲ့ အောင်ခိုင်၊ ထွန်းမင်းနိုင်နဲ့ စောထူးအောင်တို့က ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။
အခြားတွဲဆိုင်းအနေနဲ့ စောဘဟိန်းနဲ့ စောမင်းနိုင်၊ ရဲလင်းဦးနဲ့ စီတိုး၊ ဆလိုင်းထန်ကွီးရှိန်နဲ့ ရှမ်းတောက်၊ ထက်လင်းနဲ့ ကျော်နိုင်ထွန်း၊ အာဖရိကနဲ့ အောင်ဟိန်းစွမ်း၊ Oaw Pa Ka နဲ့ လာကပေါ၊ ကျော်ဝေယံနဲ့ ကျောက်ရိုင်း၊ လင်းစန္ဒာထွေးနဲ့ မာလာဝင်းတို့က ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို (Skynet) ရုပ်သံလိုင်းနဲ့ SKYNET Application တို့ကတစ်ဆင့် တိုက်ရိုက် Live ကြည့်ရူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
