၂၄. ၉. ၂၀၂၅
Translated by Thettant
အရှေ့တောင်အာရှနိုင်ငံ တီမော လက်စ်တေသည် လာမည့် အောက်တိုဘာလတွင် အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာရန် စီစဉ်ထားကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ယင်း၏ တီမောခရီးစဉ်အတွင်း အင်္ဂါနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ပြောကြားခဲ့သည်။
လက်ရှိ အာဆီယံ၏ ဥက္ကဋ္ဌဖြစ်သော မလေးရှားဝန်ကြီးချုပ် အန်ဝါက တီမော လက်စ်တေ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကို ကွာလာလမ်ပူတွင် ကျင်းပမည့် ကမ္ဘာ့ခေါင်းဆောင်များ၏ စုဝေးပွဲ၌ တရားဝင် အတည်ပြုမည်ဟုလည်း ပြောကြားခဲ့သည်။
တီမော လက်စ်တေသည် ၂၄ နှစ်ကြာ အင်ဒိုနီးရှား၏ သိမ်းပိုက်မှုအောက်မှ ၂၀၀၂ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့သော ဒေသတွင်း အငယ်ဆုံးနိုင်ငံ ဖြစ်သည်။
” တီမော လက်စ်တေ အာဆီယံအဖွဲ့ဝင်ဖြစ်လာခြင်းဟာ ကျွန်တော်တို့အားလုံးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်စေမှာပါ” ဟု ဝန်ကြီးချုပ် အန်ဝါက တီမော လက်စ်တေ၏ မြို့တော် ဒီလီတွင် သမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာနှင့် တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ ခင်ဗျားတို့ အာဆီယံအဖွဲ့ဝင်ဖြစ်ခြင်းအတွက် ကျွန်တော်တို့က အထိမ်းအမှတ်အဖြစ် အကြီးအကျယ် ကျင်းပပေးမှာပါ” ဟု ၎င်းက ဆိုသည်။
အန်ဝါက နှစ်နိုင်ငံခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ခရီးစဉ်အတွင်း တီမော လက်စ်တေ ဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မာအိုနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။
သမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာသည် အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် အချိန်ကြာမြင့်စွာ လှုပ်ရှားခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက လျှောက်လွှာတင်ခဲ့သည်။
ဟော်တာက “အောက်တိုဘာလထဲ ကွာလာလမ်ပူမှာ ကျွန်တော်တို့ရဲ့ သမိုင်းဝင် အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့အတွက် ပြင်ဆင်နေချိန်မှာ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေဟာ နွေးထွေးပြီး အပြုသဘောဆောင်တဲ့ အနာဂတ်အပေါ် အာရုံစိုက်ခဲ့ပါတယ်” ဟု ပြောကြားသည်။
“အပြည့်အဝ အဖွဲ့ဝင်ဖြစ်လာဖို့အတွက် ကျန်ရှိနေသေးတဲ့ အဆင့်တွေကို ဖြည့်ဆည်းနိုင်ဖို့ မလေးရှားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ကတိပြုပါတယ်” ဟု ၎င်းက ဆိုသည်။
တီမော လက်စ်တေသည် ကြီးမားသော မညီမျှမှု၊ အာဟာရချို့တဲ့မှုနှင့် အလုပ်လက်မဲ့ပြဿနာများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ၎င်း၏စီးပွားရေးသည် ရေနံသိုက်များကို အဓိက မှီခိုနေရဆဲဖြစ်သည်။
ယခုလအစောပိုင်းတွင် ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် တီမော လက်စ်တေ လွှတ်တော်အမတ် ၆၅ ဦးစီးရန်အတွက် တိုယိုတာ ပရာဒို SUV ကားများ ဝယ်ယူရန် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံမည့် စီမံကိန်းနှင့် အငြိမ်းစား လွှတ်တော်အမတ်များအတွက် တစ်သက်တာ ပင်စင်ပေးမည့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ နှစ်ရက်ဆက်တိုက် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြမှုများအပြီးတွင် လွှတ်တော်က ယာဉ်ဝယ်ယူမှု အစီအစဉ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။ ပင်စင်ကိစ္စတွင်လည်း လွှတ်တော်သည် ပြည်သူ့ဖိအားကို လက်ခံလိုက်ရသည်။
အာဆီယံကို ၁၉၆၇ ခုနှစ်တွင် အဖွဲ့ဝင် ၅ နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယား နောက်ဆုံးဝင်ရောက်ခဲ့ခြင်းနှင့်အတူ တဖြည်းဖြည်း ချဲ့ထွင်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် လာမည့်လတွင် ကွာလာလမ်ပူ၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်းလည်း အတည်ပြုခဲ့သည်။
မြန်မာနိုင်ငံသည် မူလက တီမော လက်စ်တေ၏ အာဆီယံဝင်ခွင့်ကို ကန့်ကွက်ခဲ့သော်လည်း တီမော လက်စ်တေ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒိုစ် ဆန်းတိုစ် ဖရိတ် တက်စ် ဦးဆောင်သည့်အဖွဲ့က စက်တင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့် တွေ့ဆုံခဲ့သလို မြန်မာအစိုးရကို ဆန့်ကျင်သည့်အဖွဲအစည်းများ တီမော လက်စ်တေနိုင်ငံအတွင်း ရုံးဖွင့်လှစ်မှု၊ တရားမဝင် ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဆောင်ရွက်ခွင့်ပြုတော့မည်မဟုတ်ကြောင်းနှင့် မြို့တော် ဒီလီတွင် မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန် ထပ်မံ ကမ်းလှမ်းခဲ့မှုအပြီး အန်ဝါက တီမော လက်စ်တေသည် လာမည့်အောက်တိုဘာတွင် အာဆီယံအဖွဲ့ဝင်ဖြစ်လာမည်ဟု ပြောလာခဲ့ခြင်းလည်း ဖြစ်သည်။
Sources – CNA
