၂၄.၉.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ဖို့ နယူးယော့ခ်မြို့ကိုရောက်ရှိနေနဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့ ညီလာခံပြင်ပမှာ အလုံပိတ် ဆွေးနွေးခဲ့ကြအပြီးမှာ ယူကရိန်းအနေနဲ့ ရုရှားက စစ်ပွဲအတွင်းသိမ်းပိုက်ထားတဲ့ သူ့ရဲ့ပိုင်နက်နယ်မြေတွေအားလုံးကို အခုဆိုရင် ပြန်လည်ရရှိဖို့ အခြေအနေဖြစ်နေပြီလို့ စက်တင်ဘာလ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဇယ်လန်စကီးနဲ့ တွေ့ဆုံအပြီးမှာ ရုရှားနိုင်ငံရဲ့ စီးပွားရေးအားနည်းမှုက စစ်ပွဲရဲ့ချိန်ခွင်လျှာ ဟန်ချက်ညီမှုကို ပြောင်းလဲစေခဲ့တယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။
ဒါ့ပြင် “ဥရောပသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့အတူ ယူကရိန်းဟာ တိုက်ပွဲဝင်ပြီး ယူကရိန်းနယ်မြေအားလုံးကို သူ့ရဲ့မူလပုံစံအတိုင်း ပြန်လည်အနိုင်ရဖို့ အနေအထားရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ထရမ့်ပ် က Truth Social လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
“ဥရောပရဲ့ အချိန်၊ စိတ်ရှည်မှု၊ ငွေကြေးထောက်ပံ့မှုတွေရယ် အထူးသဖြင့် ဒီစစ်ပွဲစတင်ခဲ့တဲ့ မူလ အကြောင်းဖြစ်တဲ့ နေတိုးအုပ်စုနဲ့ပါဆိုရင် ရုရှားကို ဘာကြောင့် မနိုင်ဘဲရှိရမှာလဲ။ တကယ်တော့ ရုရှားက သုံးနှစ်ခွဲကြာ ရည်မှန်းချက်မရှိဘဲ တိုက်ခိုက်နေတာပါ” လို့လည်း ထရမ့်ပ်က ပြောခဲ့ပါသေးတယ်။
ထရမ့်ပ်က ရုရှားကို စက္ကူကျား သက်သက်ပါလို့လည်းပြောခဲ့ပါသေးတယ်။ သူက ယူကရိန်းအစိုးရကို ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်ရယူနိုင်ဖို့တောင် အကြံပြုခဲ့ပါသေးတယ်။
ပူတင်နဲ့ရုရှားတို့ဟာ ကြီးမားသော စီးပွားရေးပြဿနာနဲ့ ရင်ဆိုင်နေကြရပြီး အခုအချိန်ဟာ “ယူကရိန်းအတွက် လုပ်ဆောင်ရမည့်အချိန်ကျလာပြီ” လို့လည်း ထရမ့်ပ် က လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
ဆက်လက်ပြီး ထရမ့်ပ် က “ဘာပဲဖြစ်ဖြစ် နှစ်နိုင်ငံစလုံးကို ကျွန်တော်က ကောင်းစေချင်ပါတယ်။ နေတိုးကိုလည်း သူတို့ လိုအပ်တဲ့ လက်နက်တွေ ဖြည့်ဆည်းပေးဖို့အတွက် ဆက်လက် ထောက်ပံ့ ပေးသွားမှာပါ” လို့ သူက ပြောခဲ့ပါတယ်။
ဇယ်လန်စကီးကလည်း ထရမ့်ပ်ရဲ့ပြောကြားချက်ကို အမေရိကန်ရဲ့ မူဝါဒမှာ ကြီးမားတဲ့ အပြောင်းအလဲပါပဲလို့ ကြိုဆိုပြောကြားလိုက်ပါတယ်။
စက်တင်ဘာလအစောပိုင်းကပဲ ထရမ့်ပ်က တကယ်လို့ နေတိုး အဖွဲ့ဝင်တွေက ရုရှားဆီက ရေနံတင်သွင်းမှုကို ရပ်တန့်ပြီး အလားတူခြေလှမ်းတွေလည်းလုပ်ဆောင်မယ်ဆိုရင် အမေရိကန်က ရုရှားအပေါ် ကြီးကြီးမားမားပိတ်ဆို့မှုတွေချမှတ်ဖို့လည်း ပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ပိတ်ဆို့အရေးယူမှုတွေနဲ့ စစ်မြေပြင်ဆုံးရှုံးမှုတွေကြောင့် ရုရှားနိုင်ငံအဖို စီးပွားရေးအရ ပိုမိုဝန်ပိလာနေ ရတာနဲ့အတူ ယူကရိန်းစစ်ပွဲကလည်း စတုတ္ထနှစ်ထဲ ဝင်ရောက်လာချိန်မှာ ထရမ့်ပ်က စစ်ပွဲနဲ့ပတ်သက်လို့ ရုရှားအပေါ် အပြောင်းအလဲတွေ ဖြစ်လာလေသလား သူ့ရဲပြောကြားချက်တွေက ယူဆစရာဖြစ်နေရပါတယ်။
Ref – trtworld. com
