၂၃. ၉. ၂၀၂၅
Translated by Thettant
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ၎င်း၏ မူးယစ်ဆေးဝါးစစ်ပွဲဟုခေါ်ဆိုသော ရာဇဝတ်မှု ကျူးလွန်သူများကို ရှင်းလင်းသည့် စစ်ဆင်ရေးကာလအတွင်း အနည်းဆုံး လူပေါင်း ၇၆ ဦးကို သတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စွပ်စွဲကာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုသုံးခုဖြင့် စွဲချက်တင်ခဲ့သည်။
မတ်လကတည်းက နယ်သာလန်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ထိန်းသိမ်းခံထားရသည့် အသက် ၈၀ အရွယ်ရှိ ဒူတာတေးအပေါ် စွဲချက်တင်ထားသည့် အချက်များကို ICC က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည့် စာရွက်စာတမ်းတစ်ခု၌ ဖော်ပြထားသည်။ ယင်းစွပ်စွဲချက်များသည် ဒူတာတေး သမ္မတဖြစ်နေစဉ် ဦးဆောင်ခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်ပြီး ယင်းစစ်ဆင်ရေးကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူဟု စွပ်စွဲခံရသူ ထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။
ဇူလိုင်လအစောပိုင်းရက်စွဲပါ ICC ၏ စွဲချက်တင်စာရွက်တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူဒါဇင်နှင့်ချီ၍ သေဆုံးမှုများအတွက် ဒူတာတေး၏ တစ်ဦးချင်းရာဇဝတ်ပြစ်မှုဆိုင်ရာ တာဝန်ရှိမှုကို စွပ်စွဲထားသည်။
ပထမစွဲချက်မှာ ဒူတာတေး ဒါဗာအိုမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လူ ၁၉ ဦးကို သတ်ဖြတ်မှုတွင် တိုက်ရိုက်သတ်ဖြတ်မှုမပြုသော်လည်း ခိုင်းစေညွန်ကြားသူဖြစ်သည်ဟု စွပ်စွဲထားသည်။
ဒုတိယနှင့် တတိယ ICC စွဲချက်များမှာ ၎င်းသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်များနှင့် သက်ဆိုင်သည်။ ဒုတိယစွဲချက်မှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် အရေးကြီးပစ်မှတ်များဟု ခေါ်ဆိုခံရသူ ၁၄ ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး၊ တတိယစွဲချက်မှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အနိမ့်ဆုံးအဆင့်ရှိ ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများကို ရှင်းလင်းဖယ်ရှားသည့်စစ်ဆင်ရေးအတွင်း သတ်ဖြတ်ခဲ့သည့် လူ ၄၃ ဦးသေဆုံးမှုနှင့် ပတ်သက်သည်။
ICC စာရွက်စာတမ်းအရ လူ ၇၆ ဦး သေဆုံးမှုသည် ရဲများနှင့် လူသတ်သမားများကဲ့သို့သော နိုင်ငံတော်မဟုတ်သည့် အဖွဲ့အစည်းများက ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
စွဲချက်များ ထုတ်ပြန်ခဲ့သည်မှာ ဒူတာတေးသည် သူ့အပေါ်စွပ်စွဲချက်များကို ကြားနာရန် ICC ၌ ယခုလနှောင်းပိုင်းတွင် လာရောက်ရမည့် အစီအစဉ်ကို တရားရုံးက ရွှေ့ဆိုင်းခဲ့ပြီးနောက်ပိုင်း ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဖြစ်သည်။
ဒူတာတေး၏ ရှေ့နေဖြစ်သူ နီကိုလပ်စ် ကော့ဖ်မန်းက ဒူတာတေးမှာ ကျန်းမာရေးမကောင်းသဖြင့် အမှုကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းသင့်ကြောင်း အကြံပြုခဲ့ပြီးနောက် တရားရုံးအနေဖြင့် သမ္မတဟောင်းသည် ရုံးတင်စစ်ဆေးခံရန် သင့်လျော်ခြင်းရှိ၊ မရှိကို ဦးစွာ စဉ်းစားရမည်ဖြစ်သည်။
ကော့ဖ်မန်းက ဒူတာတေးသည် “နယ်ပယ်များစွာတွင် သိမြင်မှုဆိုင်ရာ ချို့ယွင်းမှု” ခံစားနေရသည်ဟု ပြောကြားခဲ့သည်။
ဒူတာတေးကို မတ်လ ၁၁ ရက်နေ့တွင် လက်ရှိသမ္မတဖြစ်သည့် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်စီနီယာ၏ သားဖြစ်သူ ဖာဒီနန်မားကို့စ်ဂျုနီယာက ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်ဖြစ်သော မနီလာမြို့တွင် ဖမ်းဆီးခဲ့ပြီးနောက် နယ်သာလန်နိုင်ငံသို့ လျင်မြန်စွာ ပို့ဆောင်ခဲ့ပြီးနောက် ဒူတာတေးသည် ICC ၏ ထိန်းသိမ်းမှုအောက်၌ ရှိနေသည်။
အသက် ၈၀ အရွယ်ရှိ ဒူတာတေးက ၎င်း၏ ဖမ်းဆီးခံရမှုသည် တရားမဝင်ဟု ပြောကြားနေသည်။
ဖိလစ်ပိုင်ရှိ ဒူတာတေး၏ ထောက်ခံသူများက ၎င်းအား ထိန်းသိမ်းထားခြင်းသည် နိုင်ငံရေးအရ ဖြစ်ပြီး ဖိလစ်ပိုင်၏ လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနှင့် ၎င်း၏မိသားစုတို့ကြား ဆက်ဆံရေးပျက်ပြားမှုကြောင့် ဖြစ်သည်ဟု စွပ်စွဲထားသည်။
Ref,Al Jazeera
