
၂၃.၉.၂၀၂၅
Translated by Htwe Ko Tun
အနောက်အာဖရိကရှိ ဆာဟဲလ်ဒေသနိုင်ငံများမဟာမိတ်အဖွဲ့(Alliance of Sahel States in West Africa) ရဲ့ အဖွဲ့ဝင်နိုင်ငံသုံးနိုင်ငံဖြစ်ကြတဲ့ နိုင်ဂျာ၊ မာလီနဲ့ ဘာကီနာ ဖာဆိုနိုင်ငံတွေက သူတို့အနေနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) မှ နုတ်ထွက်တယ်ဆိုတဲ့ ပူးတွဲကြေညာချက်တစ်ရပ်ကို စက်တင်ဘာ ၂၂ ရက်မှာ ကြေညာခဲ့ကြပြီး သူတို့သုံးနိုင်ငံရဲ့ ကြေညာချက်မှာ ICC ဟာ ခေတ်သစ်ကိုလိုနီလက်သစ်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာရှိတဲ့ အသုံးချကိရိယာတစ်ခုသဖွယ်သာဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။
နိုင်ဂျာ၊ မာလီနဲ့ ဘာကီနာ ဖာဆို သုံးနိုင်ငံစလုံးက စစ်ဘက်ခေါင်းဆောင်တွေခေါင်းဆောင်တဲ့အစိုးရတွေ ဦးဆောင်တာဖြစ်ပြီး အနောက်အုပ်စုနဲ့ဆက်ဆံမှု ဝေးကွာ အထီးကျန်လာပါတယ်။ သူတို့သုံးနိုင်ငံစလုံးက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားခေါင်းဆောင်ပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးတဲ့နောက် ရုရှားလို နိုင်ငံတွေနဲ့ ဆက်ဆံရေး သိသိသာသာ နီးကပ်လာတာဟာ ၂၀၂၃ ခုနှစ် မတ်လကတည်းက ဖြစ်ပါတယ်။

ICC ဟာ သက်သေပြထားတဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ ရန်လိုမှုရှိတဲ့ ရာဇ၀တ်မှုတွေကို ကိုင်တွယ်တာနဲ့ တရားစွဲဆိုတာတွေ မပြုလုပ်နိုင်ဘူးလို့ သက်သေပြခဲ့တယ်လို့ သူတို့သုံးနိုင်ငံက ပြောကြားခဲ့ပါတယ်။။
သုံးနိုင်ငံစလုံးက ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ခိုင်မာရေးတို့အတွက် ဒေသခံပြည်သူတွေရဲ့ ယန္တရားတွေကို ဖန်တီးလိုတယ်လို့လည်း ပြောခဲ့ကြပါတယ်။
ICC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ နုတ်ထွက်လိုတယ်လို့တင်ပြလွှာကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရုံးကို တရားဝင်တင်သွင်းပြီး တစ်နှစ်အကြာမှသာ နိုင်ငံတစ်ခုရဲ့ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်းဟာ အသက်ဝင်တယ်လို့ သိရပါတယ်။
အနောက်အာဖရိကနိုင်ငံတွေဟာ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ် တို့နဲ့ ဆက်နွယ်နေတဲ့ ဂျီဟတ် ဘာသာရေးအစွန်းရောက်တွေရဲ့ သေစေလောက်တဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စစ်တပ်တွေက အရပ်သားတွေအပေါ် ရာဇ၀တ်မှုကျူးလွန်မှုတွေနဲ့ စွပ်စွဲခံနေရပါတယ်။
၂၀၀၂ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC)ရဲ့ တာဝန်မှာ နိုင်ငံတွေအနေနဲ့ သူတို့ကိုယ်တိုင် တရားစွဲဆိုလုပ်ဆောင်ရန် ဆန္ဒမရှိတဲ့အခါ ဒါမှမဟုတ် စွမ်းအားမရှိတဲ့အခါ စစ်ရာဇ၀တ်မှုလို အပြင်းထန်ဆုံး ရာဇ၀တ်မှုကျူးလွန်သူတွေကို တရားစွဲဆိုဖို့ဖြစ်ပါတယ်။
Ref- AFP
