၂၃.၉.၂၀၂၅
Translated by Htwe Ko Tun
အနောက်အုပ်စုလေးနိုင်ငံဖြစ်တဲ့ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနဲ့ ပေါ်တူဂယ်လ်တို့က စက်တင်ဘာလ ၂၁ ရက်မှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ကြပြီးတဲ့နောက် စက်တင်ဘာလ ၂၂ ရက်မှာတော့ ပြင်သစ်နိုင်ငံနဲ့အတူ အန်ဒိုရာ၊ ဘယ်လ်ဂျီယံ၊ လူဇင်းဘတ်၊ မော်လ်တာနဲ့ မိုနာကိုနိုင်ငံတွေက ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအနေနဲ့ တရားဝင်အသိအမှတ်ပြုတယ်လို့ ထပ်မံကြေညာခဲ့ကြပါတယ်။
ပြင်သစ်အပါအဝင် ဒီခြောက်နိုင်ငံက ခေါင်းဆောင်တွေက ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ အဆင့်မြင့်ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို နယူးယော့ခ်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံမတိုင်မီ ကျင်းပခဲ့ကြတာပါ။ ဒီခြောက်နိုင်ငံမှာ ပြင်သစ်နဲ့အတူ ဆော်ဒီအာရေဗျက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်က “အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို အဆုံးသတ်စေမယ့် နှစ်နိုင်ငံ ယှဉ်တွဲတည်ရှိမူဖြေရှင်းချက်က ကြာရှည်စွာနှောင့်နှေးနေရတာကို ပြန်လည်ရှင်သန်စေဖို့ အချိန်ကျလာပြီဖြစ်လို့ ကျွန်တော်တို့အားလုံးဒီမှာစုဝေးပြီး ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့တာ”လို့ ပြောခဲ့ပါတယ်။
“နိုင်ငံနှစ်ခု အတူယှဉ်တွဲနေထိုင်ရေးဖြေရှင်းချက်ရဲ့ ဖြစ်နိုင်ခြေနဲ့ ထိုက်တန်ဖို့ ကျွန်တော်တို့ရဲ့အာဏာနဲ့ လုပ်နိုင်သမျှ အရာအားလုံးလုပ်ဆောင်ဖို့တာဝန်က ကျွန်တော်တို့ပေါ်မှာ မူတည်တယ်။ ဒီနေ့မှာတော့ ပြင်သစ်အနေနဲ့ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုတယ်လို့ ကျွန်တော် ကြေညာပါတယ်”လို့ မက်ခရွန်က ထပ်ဆင့်ပြောခဲ့ပါတယ်။
အခုအခါမှာ ပါလက်စတိုင်းနိုင်ငံကို နိုင်ငံတကာအသိုင်းအဝန်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်က အသိအမှတ် ပြုလာတာကြောင့် ဂါဇာမှာ ပါလက်စတိုင်းလူမျိုး ၆၅,၃၀၀ ကျော် သေဆုံးပြီး အပျက်အစီး နယ်မြေကြီးအဖြစ်ကို ပြောင်းလဲသွားစေတဲ့ အစ္စရေးအပေါ် သံတမန်ရေးရာ ဖိအားတွေ မြင့်တက်လာခဲ့တာပါပဲ။
စပိန်၊ နော်ဝေးနဲ့ အိုင်ယာလန်တို့က ပါလက်စတိုင်းနိုင်ငံအဖြစ် ၂၀၂၄ ခုနှစ်မှာ အသိအမှတ်ပြုခဲ့ပြီး စပိန်အစိုးရကတော့ ဂါဇာစစ်ပွဲအတွက် အစ္စရေးကို ပိတ်ဆို့အရေးယူမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က “ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံနှစ်ခုအနက်မှ တစ်နိုင်ငံရဲ့ လူဦးရေက လူမျိုးတုံးသတ်ဖြတ်မှုရဲ့သားကောင်တွေဖြစ်နေမယ်ဆိုရင် နိုင်ငံနှစ်နိုင်ငံအတူယှဉ်တွဲနေထိုင်ရေး ဖြေရှင်းချက်က မဖြစ်နိုင်သေးဘူး” လို့ စက်တင်ဘာလ ၂၁ ရက်က ထိပ်သီးဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
“ပါလက်စတိုင်းလူမျိုးတွေဟာ အခုဆို သုတ်သင်ရှင်းလင်းမှုကို ခံနေကြရတာပဲ။ ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုကို အထောက်အထားအကြောင်းပြချက်နဲ့ရော၊ နိုင်ငံတကာ ဥပဒေအရရော၊ လူ့ဂုဏ်သိက္ခာအရရော ရပ်တန့်သွားအောင်လုပ်ဖို့ လိုအပ်ပါတယ်” လို့လည်း ဆန်းချက်ဇ်က ပြောခဲ့ပါသေးတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာမှာ ပိုမိုအထီးကျန်ဆန်လာနေတဲ့ အစ္စရေးနဲ့ အမေရိကန်တို့ကတော့ ထိပ်သီးအစည်းအဝေးကို သပိတ်မှောက်ခဲ့ကြပြီး အစ္စရေးရဲ့ ကုလသမဂ္ဂသံအမတ်ကြီး ဒန်နီဒန်နွန်က အဆိုပါပွဲကို အသံမျိုးစုံကြားရပြီး ရှုပ်ထွေးလှတဲ့ “ဆပ်ကပ်” လို ဖြစ်ရပ်တစ်ခုအနေနဲ့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြပေမယ့် ပါလက်စတိုင်းအနေနဲ့ ကုလသမဂ္ဂမှာအဖွဲ့ဝင်နိုင်ငံအသစ်အနေနဲ့ ပါဝင်နိုင်ဖို့က လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုလိုအပ်မှာပါ။ တကယ်လို့ အမေရိကန်က ဗီတိုအာဏာသုံးပြီး လုံခြုံရေးကောင်စီမှာ ပိတ်ဆို့ထားရင် ပါလက်စတိုင်းအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်နိုင်မှာ မဟုတ်ပါဘူး။
အစ္စရေးရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကတော့ ပါလက်စတိုင်းကို အသိအမှတ်ပြုမှုအတွက် အနောက်အုပ်စုအစိုးရတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက အဆိုပါ လှုပ်ရှားမှုက ဟားမားစ်အုပ်စုကို ရဲဆေးတင်ပေးရာရောက်ပြီး စစ်ပွဲကို အဆုံးသတ်ဖို့ ပိုမိုခက်ခဲစေမယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။
Ref -Al Jazeera
