၂၃.၉.၂၀၂၅
Written by Hey Mar
အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ ဝိုင်ဖိုင်ကြိုးလိုက်လံသွယ်တန်း တပ်ဆင်ပေးရတဲ့ ဝန်ထမ်းငယ်တစ်ဦး လုပ်ငန်းခွင်ဆောင်ရွက်နေချိန် ဓာတ်လိုက်သေဆုံးတဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန်၊ မရမ်းကုန်းမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မြစံပယ်လမ်းမှာ Wifi ကြိုး သွယ်တန်းထားတဲ့ ကြိုးတန်းတွေကို တစ်စုတစ်စည်းတည်းဖြစ်အောင် လှေကားထောင်ပြီး ကလစ်ကြိုးနဲ့ လိုက်ချည်နေစဉ် မီးကြိုးကိုပါ ကိုင်မိပြီး ဓာတ်လိုက်ကာ ပြုတ်ကျသေဆုံးတာလို့ သိရပါတယ်။
ဝန်ထမ်းအမျိုးသားငယ်က အသက် ၁၈ နှစ်အရွယ်ဖြစ်ပြီး အရေးပေါ်လူနာတင်ယာဉ်နဲ့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မြန်မာ့ကြယ်ဖြူ လူမှုကူညီရေး အသင်းတာဝန်က “လူနာတင်ယာဉ်ပေါ် ရောက်ပေမယ့် အချိန်မမီလိုက်ဘူး။ မနက်က မိုးကလည်း ခပ်ဖွဲဖွဲပေါ့ ကျနေချိန် ဖြစ်သွားတာ။ သူအဲ့လို ဖြစ်ပြီး လှေကားပေါ်က ပြုတ်ကျတော့ အောက်က သူ့အဖော်တွေက ဝိုင်းဖမ်းထားတယ်။ ဓာတ်လိုက်တော့ နှလုံးရပ်သွားတာ။ ကျွန်တော်တို့လည်း CPR အတတ်နိုင်ဆုံး လုပ်ပေမယ့် အချိန်မီဆေးရုံ မပို့နိုင်ခဲ့ဘူး” လို့ ပြောပြပါတယ်။
အခင်းဖြစ်နေရာကို သက်ဆိုင်ရာနဲ့ မိသားစုဝင်တွေ ရောက်ရှိလာသလို ရုပ်အလောင်းကို လူမှုကူညီရေးအသင်း(ရန်ကုန်) နာရေးကူညီမှုအသင်းယာဉ်နဲ့ မြောက်ဥက္ကလာပဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။



