ပုံစာ။ ဒေါက်တာအရှင်စကြဝဠာကို ခေါ်ယူစိစစ်မှု၊ လူနှစ်ဦးကို တိုက်သတ် မောင်းပြေးသည့် ၁၈ မိုင်တောရကျောင်းကားဖြစ်စဥ်နှင့် ဟောကြားချက်အပေါ် ဝေဖန်မှုများ ပုံရိပ်။
သတိုး
၂၃. ၉. ၂၀၂၅
မြတ်စွာဘုရားဟောကြားသော ပရိတ်တရားတော်များကို မရွတ်ဖတ်ကောင်းဟု လူပုံအလယ်တွင် လွဲမှားစွာ ဟောကြားခဲ့သော ဒေါက်တာစကြ၀ဠာ အမည်ခံ ၁၈ မိုင် တောရကျောင်းဆရာတော် ဘဒ္ဒန္ဒဣန္ဒသာရအား လှည်းကူးမြို့နယ် သံဃနာယကအဖွဲ့က ခေါ်ယူစိစစ်ခဲ့ရာ ဆရာတော်ဘဒ္ဒန္ဒဣန္ဒသာရက ဟောကြားခဲ့ကြောင်း ဝန်ခံသဖြင့် ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေပြီး နိုင်ငံတော်သံဃမဟာနယကထံ ဆက်လက်တင်ပြမည်ဖြစ်သည်ဟု လှည်းကူးမြို့နယ်သံဃနာယကအဖွဲ့က ထုတ်ပြန်ထားသည်။
ဥပဇ္ဈာယ်ဆရာတော်က ပေးအပ်ထားသည့် ဣန္ဒသာရဆိုသည့် ဘွဲ့အမည်ကို အသုံးမပြုဘဲ ဒေါက်တာအရှင်စကြ၀ဠာဟု မိမိကိုယ်ကိုယ် ကင်ပွန်းတပ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာအုပ်စု၊ (၁၈)မိုင် တောရကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒသာရ၏ လူမှုကွန်ရက်တွင်ပျံ့နှံနေသော ရုပ်သံဟောပြောချက်ဖိုင်များနှင့် ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ နိဗ္ဗာန်ဆိပ်ဦးမဟာစည်ရိပ်သာကျောင်းတိုက်၌ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ (ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနတက္ကသီလဓမ္မာစရိယ၊ BA.MA.Ph.d in India )၊ တိုင်းဩဝါဒါစရိယ နိဗ္ဗာန်ဆိပ်ဦးဆရာတော် ဘဒ္ဒန္တဓမ္မာလင်္ကာရ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ)အမှူးပြုသော မြို့နယ်ဩဝါဒါစရိယဆရာတော်ကြီးများ၊ သံဃသမ္မုတိဆရာတော်ကြီးများ၊ မြို့နယ်နှင့် ရပ်/ကျေးသံဃနာယကအဖွဲ့ဆရာတော်များ၊ ခရိုင်သာသနာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်သာသနာရေးမှူးတို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး အစည်းအဝေးခေါ်ယူရခြင်းနှင့် စပ်လျဥ်း၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တဣန္ဒာဝုဓ(မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ သာသနတက္ကသီလဓမ္မာစရိယ၊မဟာဓမ္မာစရိယ၊BA. MA. Ph.d) က အစည်းအဝေးသို့ကြွရောက်တော်မူလာကြသည့်ဆရာတော်ကြီးများအား ရှင်းလင်းလျှောက်ထားတော်မူခဲ့သည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တ နန္ဒသာရက ၁၈ မိုင် တောရကျောင်းဆရာတော် ဘဒ္ဒန္ဒဣန္ဒသာရ၏ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဟောပြောချက်များကို စိစစ်မေးမြန်းခဲ့ရာ ၎င်းကိုယ်တိုင်ဟောပြောထားသည့် ရုပ်သံဖိုင်များဖြစ်ကြောင်းဝန်ခံခဲ့သဖြင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်က ရုပ်သံဖိုင်များနှင့်စပ်လျဉ်း၍ အသေးစိပ်စိစစ်မေးမြန်းခဲ့သည်။ ထို့နောက် တိုင်းဩဝါဒါစရိယနိဗ္ဗာန်ဆိပ်ဦးဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင် ဇရပ်ကွင်းဆရာတော်နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်တို့က အသီးသီး ဩဝါဒကထာမိန့်ကြားတော်မူခဲ့သည်။
(၁၈)မိုင် တောရကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒသာရက လူမှုကွန်ရက်တွင်ပျံ့နှံနေသော ဟောပြောချက်များနှင့် စပ်လျဉ်း၍ မြို့နယ်သံဃနာယကအဖွဲ့အနေဖြင့် အမှားကိုဝန်ခံခိုင်းခြင်း၊ ကျေအေးပေးခြင်းတို့ ဆောင်ရွက်ရန်မဟုတ်ဘဲ ၎င်းကိုယ်တိုင်ဟောကြားထားသည်ဟု ဝန်ခံချက်၊ အတည်ပြုချက်ကိုရယူ၍ လှည်းကူးမြို့နယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ တိုင်းဩဝါဒါစရိယဆရာတော်အမှူးပြုသော ဆရာတော်ဘုရားကြီးများ၏ ဩဝါဒကိုခံယူရန်အတွက်သာဖြစ်ကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ ဆက်လက်လျှောက်ထားတင်ပြမည်ဖြစ်ကြောင်း စသည်ဖြင့် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားတော်မူခဲ့သည်။
ထို့နောက် (၁၈)မိုင် တောရကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒသာရက ၎င်း၏ ဟောပြောချက်များနှင့်ပတ်သက်၍ ကိုယ်တိုင်ဟောပြောခဲ့ကြောင်း အတည်ပြု ဝန်ခံလက်မှတ်ရေးထိုးခဲ့သည်ဟု လှည်းကူးမြို့နယ် သံဃနာယက အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ဖေဖော်ဝါရီ ၇ ရက်က ၁၈ မိုင်တောရကျောင်းဆရာတော်ကို လှူဒါန်းထားသော NPW 4S-6492 BYD Tang ယာဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဗိုလ်မှုးဗထူးလမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းမကြီး လမ်းဆုံတွင် အရှိန်ပြင်းစွာဖြင့် ဆိုင်ကယ်တစ်စီးနှင့် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို ဝင်တိုက်ကာ မောင်းပြေးရာမှ လူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့ရပြီး ထိုဖြစ်စဉ်အပေါ် ဝေဖန်မှုများရှိနေချိန် ဥပဇ္ဈာယ်ဆရာတော်က ပေးအပ်ထားသည့် ဣန္ဒသာရဆိုသည့် ဘွဲ့အမည်ကို အသုံးမပြုဘဲ ဒေါက်တာအရှင်စကြ၀ဠာဟု မိမိကိုယ်ကိုယ် ကင်ပွန်းတပ်ကာ လူသိပင်မခံရသည့် သုသာန်ဓုတင်ဆောင်မှုကို ရုပ်သံမှတ်တမ်းများဖြင့် လူမှုကွန်ရက်တွင် ထင်ပေါ်အောင် လုပ်ဆောင်မှုများဖြင့် ထပ်ဆင့်ဝေဖန်ခံနေရသည့် ဆရာတော်ဖြစ်သည်။ ထိုအချိန်တွင် ဒေါက်တာအရှင် စကြ၀ဠာ၏ ပရိတ်တရားတော်များကို ဘယ်အရာမှ မရွတ်သင့်ဘူးဟု ဟောကြားချက် ထွက်လာပြီးနောက် အဆိုပါ ဟောပြောချက်အပြင် အခြားဟောချက်များဖြစ်သည့် ငရဲပြည်ကို သွားကြည့်ဖူးကြောင်းဟောပြောချက်၊ လူနှစ်ဦးကို ကားဖြင့်သေအောင်တိုက်ကာ မောင်းပြေးသည့်ဖြစ်စဉ်နှင့် အခြား လွဲမှားနေသော ဟောပြောချက်များကို စိစစ်သင့်ကြောင်း ဝေဖန်မှုများ လူမှုကွန်ရက်တွင် ရုပ်သံသက်သေနှင့်တကွ ဖော်ပြလာပြီးနောက် လှည်းကူးမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာ ၂၁ ရက်တွင် ခေါ်ယူစိစစ်ခဲ့ခြင်းလည်းဖြစ်သည်။
ဘုရားရှင်ဟောကြားသော ပရိတ်တရားတော်၊ ပဌာန်းများကို ဘယ်အရာမှ မရွတ်ဖတ်သင့်ကြောင်း ဒေါက်တာစကြ၀ဠာ အမည်ခံ ၁၈ မိုင် တောရကျောင်းဆရာတော် ဘဒ္ဒန္ဒဣန္ဒသာရက လွဲမှားစွာ မိန့်ကြားခဲ့မှုအပေါ် လူမှုကွန်ရက်တွင် ဆရာတော်အများအပြားက ကျမ်းကိုးကျမ်းကားများဖြင့် ဝေဖန်ခဲ့သလို မစိုးရိမ်ဖေးမလက်တွဲဆရာတော်ကလည်း ဘုရားရှင်နှင့် ရဟန်းတော်များက ရတနသုတ်၊ အင်္ဂုလိမာလသုတ်၊ မေတ္တသုတ်၊ အာဋာနာဋိယသုတ်၊ ဗောဇ္စျင်ဂသုတ်၊ ခန္ဓသုတ်၊ ဓဇဂ္ဂသုတ်တို့ ရွတ်ဖတ်မှုအပြင် ဘုရားရှင်ကိုယ်တော်တိုင်က ပရိတ်အကာအကွယ်ပေးသည့်ဖြစ်စဥ်၊ နမော ဗုဒ္ဓဿ ရွတ်ဖတ်ရုံမျှဖြင့် နတ်ဘီလူး အစားမခံရသောဖြစ်စဥ်၊ ပဌာန်းတရားနာခဲ့ရသည့် လင်းနို့သားငါးရာဇာတ်ကြောင်း စသည်ဖြင့် ပရိတ်၊ ပဌာန်းများကို ရွတ်ဖတ်သင့်ကြောင်း အကိုးအကားများဖြင့် ပြန်လည် ချေပခဲ့ကြမှုများလည်း ရှိခဲ့သည်။
ပုံစာ။ ဒေါက်တာအရှင်စကြဝဠာကို ခေါ်ယူစိစစ်မှု၊ လူနှစ်ဦးကို တိုက်သတ် မောင်းပြေးသည့် ၁၈ မိုင်တောရကျောင်းကားဖြစ်စဥ်နှင့် ဟောကြားချက်အပေါ် ဝေဖန်မှုများ ပုံရိပ်။









