၂၃. ၉. ၂၀၂၅
Written by Nyein Kyaw
တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်ရုံ အမှတ် (၁) ဓာတ်အားပေးစက်မှ ဓာတ်အားထုတ်လုပ်နိုင်ရေး ပြင်ဆင်နေမှုနှင့် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်တပ်ဆင်နေမှုများကို လုပ်ဆောင်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီ ကလောပင်မဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်း ဓာတ်အားထိန်းချုပ် ပို့လွှတ်ဖြန့်ဖြူးနေမှုအခြေအနေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ယမန်နေ့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
လက်ရှိတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်ရုံ၌ အမှတ်(၂)စက်ဖြင့်သာ ဓာတ်အားထုတ်လုပ်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနေရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်ရုံ ဓာတ်အားပေးစက်အမှတ် (၁) ပြင်ဆင်နေမှုနှင့် ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်တပ်ဆင်နေမှု အခြေအနေများကိုလည်း စက်တင်ဘာ ၂၀ ရက်က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင် ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
